Monday, November 2, 2015
ဘယ်လိုဝန်ထမ်းတွေ သင်လိုအပ်သသလဲ
လခစား ၀န်ထမ်း ဘ၀ ကို စွန့် လွှတ်ပြီး ကိုယ်ပိုင် လုပ်ငန်း ထူထောင်ဖို့ စဉ်းစားနေသူများအတွက်………
ကျွန်တော် ဒီနေ့ ရေးမှာကတော့ “အခု ခေတ်မှာ သင့်အနေနဲ့ ဝန်ထမ်းဘ၀ ကို စွန့် လွှတ်ပြီး ကိုယ်ပိုင် စီးပွားရေး လုပ်သင့်တယ်လို့  စဉ်းစားမိအောင် ထောက်ခံပေးတဲ့ အချက် ၁၀ ချက်” အကြောင်း ကို ရေးချင်ပါတယ်။ ၁၀ ချက် စလုံးကတော့ မြန်မာပြည်နဲ့ ကိုက်ညီ ချင်မှ ကိုက် ညီ ဦးပါမယ်။ ဒါပေမယ့် ကြိုတင် စဉ်းစားထားလို့ ရတာ ပေါ့။
ကျွန်တော် ဒီလိုရေးလို့ ကျွန်တော့်ကို မေးစရာ ရှိလာပါတယ်။ ခင်ဗျားကော ကိုယ်ပိုင်စီးပွားရေး လုပ်နေပြီလား။ ၀န်ထမ်းလုပ်တုန်းပဲလားဆိုပြီး……….. ကျွန်တော် လောလောဆယ်တော့ ၀န်ထမ်း လုပ်တုန်းပါပဲ။ ဒါပေမယ့် တစ်ချိန်တည်းမှာ ကိုယ်ပိုင် စီပွားရေး ကို စတင်နေပါပြီ။ ကိုယ်ပိုင်စီးပွားရေးမှာ အခြေမကျခင် ကိုယ့် ရဲ့ စားဝတ်နေရေးအတွက် အရေးကြီးတဲ့ ၀င်ငွေရရှိဖို့ ၊ ကိုယ်ပိုင်စီးပွားရေးအတွက် အရင်းအနှီး ရရှိနိုင်ဖို့  ၀န်ထမ်း လစာကို မှီခိုနေရတုန်းပါပဲ။ ဒါပေမယ့် ဒီဆောင်းပါးလေး ကို ဖတ်ကြည့်တော့ ကိုယ်ဦးတည်နေတဲ့ လမ်းကို ပိုပြီး ယုံယုံကြည်ကြည်လျှောက်လှမ်းနိုင်ဖို့  စိတ်ခွန်အားတွေ ရရှိတဲ့အတွက် စာဖတ်သူ မိတ်ဆွေတွေကို လည်း ဖတ်စေချင်လို့ ရေးလိုက်ပါတယ်။
(မှတ်ချက်။ ။ ဒီဟာ ဖတ်ပြီးတာနဲ့ တော့ အလုပ်မထွက်လိုက်ပါနဲ့ ။ ထမင်းစား စရာ မရှိတော့ ရင် ကျွန်တော် တရားစွဲခံနေရပါဦးမယ်)
ကဲ…စကြရအောင်။
မှန်ပါတယ်။ အဲ့လိုတော့ စီးပွားရေး တစ်ခုကို လွယ်လွယ်နဲ့ စလို့ မရပါဘူး။ ဒါပေမယ့် တစ်ချိန်ချိန်မှာ ကိုယ်ပိုင် လုပ်ငန်း လုပ်မယ်လို့ ရည်ရွယ်ချက် ရှိတဲ့ သူတွေအတွက်တော့ အောက်မှာ ဖော်ပြထားတဲ့ အချက် (၁၀) ချက်က စိတ်ခွန်အားကို ဖြစ်စေမှာပါ။
၁။ မည်သည့်နေရာမှ မဆို အလုပ် လုပ်နိုင်ခြင်း (မြန်မာနိုင်ငံတွင်တော့ အနည်း ငယ် ခက်ခဲပါဦးမည်)။
အခု အခါ မှာ လုပ်ငန်းတော်တော် များများက လူချင်းမတွေ့ ရပဲ လုပ်လို့ ရတာမျိုးတွေ များလာပါပြီ။ (စားသောက်ဆိုင်ဖွင့်တာ၊ ပွဲ ရုံ လုပ်တာတွေတော့ မပါဘူးပေါ့နော်)။ consultant အတိုင်ပင်ခံအလုပ်တွေ၊ IT programmer တွေ၊ graphic designer တွေ၊ အမျိုးမျိုးပါပဲ။
မြန်မာပြည်မှာ အင်တာနက် တွေ မမြန်လို့ ဆိုပေမယ့် email လောက် အသုံးပြုလို့ ရယင်ကို လုပ်လို့ ရတဲ့ အလုပ်တွေ အများကြီးပါ။ ဘာသာပြန် translation လုပ်မလား၊ graphic designer လုပ်မလား၊ အများကြီးလုပ်လို့ ရပါတယ်။
ဒါပေမယ့် သင့် အနေနဲ့ တော့ လုပ်ငန်း တစ်ခု မှာ ကျွမ်းကျင်နေဖို့ လိုပါတယ်။ ဘာသာ ပြန် မယ်ဆိုယင် ဘာသာ ပြန် ကျွမ်းကျင်ဖို့ လိုမယ်။ program ရေးမယ်ဆိုယင် programming language ကျွမ်းကျင်ဖို့ လိုတာပေါ့။
၂။ သင် စိတ်ဝင်စားတဲ့အရာကို လုပ်ခွင့်ရခြင်း။
သင့် အနေနဲ့  တကယ်စိတ်ဝင်စားတဲ့ အလုပ်က လျှပ်စစ် ကရိယာလေးတွေကို ကလိရတာ၊ အသစ် အသစ်ပေါ်လာတဲ့ ဖုန်းတွေ၊ ကွန်ပြူတာတွေကို လေ့လာရတာမျိုး ဖြစ်ပါလိမ့်မယ်။ အဲ့ဒါဆိုယင်တော့ သင့် ကိုယ်ပိုင် ဖုန်းဆိုင်လေး ဖွင့် ကွန်ပြူတာ ဆိုင်လေး ဖွင့် တာအကောင်းဆုံးပေါ့။ ဒါပေမယ့် ၀န်ထမ်းဘ၀မှာတော့ သင် စိတ်ဝင်စားတာကို မလုပ်ရပဲ တစ်နေကုန် စာစီ စာရိုက်လုပ်နေယင် လုပ်နေရလိမ့်မယ်။ အစည်းအဝေးတွေ လိုက်တက်နေယင် တက်နေရလိမ့်မယ်။ သင် ၀ါသနာ မပါတဲ့ အလုပ်ကို လုပ်နေရယင် တကယ့်ကို ၀တ်ကျေ တန်းကျေပါပဲ။
ကဲ… အဲ့ဒါဆို ဘာလို့ သင် စိတ်ဝင်စားတာနဲ့ ကိုက်ညီတဲ့ ကိုယ်ပိုင် အလုပ်ကို စတင် အကောင်အထည် ဖော်ဖို့ မစဉ်းစားတာလဲ?????
၃။ ပိုက်ဆံများများ ပို ရှာနိုင်ခြင်း။
သင့်အနေနဲ့ ဝန်ထမ်းဘ၀မှာ လစာ အလွန်ကောင်းတဲ့ အလုပ်မှာ လုပ်နေရတာ ဖြစ်ယင် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လစာ များတာနဲ့ အညီ သင်လည်း ပြန်ပေးဆပ်ရမှာပါ။ အဲ့ဒီအလုပ်အတွက် သင့်အနေနဲ့ နေရာ တစ်ခု မှာ ရှိနေရမယ်၊ အချိန်အတိုင်းအတာ တစ်ခု အကုန်ခံရမယ်။ မ၀တ်ချင်တဲ့ အ၀တ်တွေ ၀တ်ပြီး ပျင်းစရာကောင်းလှတဲ့ အစည်းအဝေးခန်းမထဲမှာ ထိုင်ယင်ထိုင်နေရမယ်။ တကယ်ကို အလုပ် မဖြစ်တဲ့ အစည်းအဝေးမှန်း သိပေမယ့် သင် မတတ်လို့ မရပါ။ အဲ့ဒီလို တစ်နေ့ တစ်နေ့ ကုန်နေမယ့် အချိန်တွေ ကို ကိုယ့်လုပ်ငန်းမှာ သုံးလိုက်ယင် သင် ၀န်ထမ်း ဘ၀မှာ ရတဲ့ လစာထက် ပိုများတဲ့ လစာ ကို သင်ရှာနိုင်ပါလိမ့်မယ်။ သင့်ရဲ့ ဖန်တီးတွေခေါ်နိုင်မှု ဥာဏ်စွမ်းတွေ လည်း ပိုပြီး ထက်သန် လာပါလိမ့်မယ်။ အဲ့ဒီ ဖန်တီးတွေ ခေါ်နိုင်စွမ်းတွေက သင့်လုပ်ငန်းကို ပိုပြီး အောင်မြင်အောင် ထောက်ပံ့ပါလိမ့်မယ်။ လစာကောင်းတဲ့ ရာထူး ကြီး တစ်ခု ရထားတဲ့သူ တော်တော်များများ မှာ ကျွမ်းကျင်မှု နဲ့ အရည်အချင်းက ရှိပြီးသားပါ။
၎။ ပျင်းရိမှု ကို ပျောက်ကင်းစေခြင်း။
၅။သင့် အရည်အချင်းကို ဖော်ပြလာနိုင်ခြင်း။
ဝန်ထမ်းဘ၀မှာ သင့် မှာ ရှိတဲ့ အရည်အချင်း အစွမ်းအစကို ကို ဖော်ထုတ်ပြသနိုင်ဖို့ အခွင့်အရေးနည်းလွန်းလှပါတယ်။ တစ်ခါတစ်ရံ သင့် ရဲ့ Boss က ကိုယ့် အရည်အချင်းတွေ ပြသခွင့်မရ အောင် ဖိနှိပ်ထားတာမျိုး ရှိတတ်ပါတယ်။
ဒါပေမယ့် ကိုယ်ပိုင် လုပ်ငန်း စတင်ပြီးဆိုယင်တော့ သင့် မှာ ရှိတဲ့ အရည်အချင်း အားလုံးကို ဖော်ထုတ် အသုံးချ လာ နိုင်မှာ ဖြစ်ပါတယ်။
၆။ မိမိ ကိုယ်ကို ယုံကြည်မှု ပို ပြီး ရှိလာခြင်း။
အဖွဲ့ အစည်း တစ်ခု အပေါ် မှီခိုမှုက နေ လွတ်ကင်းလာလိုက်တယ်ဆိုတာနဲ့ သင့် ဘ၀ ကို သင့် ဖာသာ စတင်ရတော့ မှာပါ။ အဲ့ဒီ အချိန်ကျယင် ကြုံလာတဲ့ အခက်အခဲတွေကို တန်ပြန် တွန်းလှန် ယင်းနဲ့  သင့် ကိုယ်ကို သင် ယုံကြည်မှုတွေ ပိုပြီးတိုး ပွားလာမှာပါ။
ဒီကနေ့ အလုပ်ထွက်လိုက်ပြီ ဆိုတာနဲ့ နောက်နေ့  က စပြီး ၀န်ငွေရဖို့ အတွက် စဉ်းစားရပါတော့မယ်။ အဲ့ဒီ အခါမှာ သင့် မှာ ရှိတဲ့ အရည်အချင်းတွေကို ဖော်ထုတ် တတ်လာမယ်။ ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီတဲ့ လုပ်ငန်းတွေကို စတင် အကောင်အထည် ဖော်တတ်လာမှာပါ။
သင့် ဘ၀အတွက်လည်း ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချတတ်လာမယ်။ ၀န်ထမ်းဘ၀မှာ သင့် ဘ၀ အတွက် ဆုံးဖြတ်ချက်ကို အထက် က ဆုံးဖြတ်တာ များပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ဘ၀ကိုယ်တည်ဆောက် ရပြီဆိုယင်တော့ သင့် ဆုံးဖြတ်ချက်သည် သာ အဓိက ဖြစ်သွားပါပြီ။
၇။ ကိုယ်ပိုင် အလုပ်ကို သွားရမည်ကို စိတ်လှုပ်ရှား ပျော်ရွှင်ခြင်း။
ဝန်ထမ်းတစ်ယောက်အနေနဲ့ မနက် မိုးလင်း လိုက်တာနဲ့ အလုပ်သွားရမှာကို စိတ်ညစ် နေပြီးဆိုယင်တော့ သင့်အနေနဲ့ အဲ့ဒီအလုပ်ကနေ ထွက်လိုက် ဖို့  အမှန်ကန်ဆုံး အချိန်ရောက်နေပါပြီ။ တင်္နလာနေ့ မနက်ရောက်မှာကို ကြောက်နေမိတယ်ဆိုယင်လည်း ထွက်လိုက်ပါတော့။
သင့်ကိုယ်ပိုင် အလုပ်ဆိုယင်တော့ မနက်မိုးလင်းတာနဲ့  စိတ်လှုပ်ရှားမှုတွေ အပြည့် ဖြစ်နေပါလိမ့်မယ်။ စိန်ခေါ်မှုတွေကလည်း သင့်ကို စောင့်ကြိုနေမှာပါ။ ဒါပေမယ့် အဲ့ဒီ စိန်ခေါ်မှုအားလုံးဟာ သင့်ကို အောင်မြင်မှုကို တွန်း ပို့ နေမယ့် အရာတွေ ပါပဲ။
ကိုယ် စိတ်ဝင်စားတဲ့ ကိုယ်ပိုင် အလုပ်ကို လုပ်နေရယင် တစ်ခါ တစ်ရံမှာ အလုပ်လုပ်နေတယ်လို့ တောင် ထင်ချင်မှ ထင်မိမှာပါ။ ကိုယ့်ကို ကိုယ် အပန်းဖြေမှု တစ်ခုလို့ တောင် ထင်မိ ပါဦးမယ်။
၈။ အကန့် အသတ် မရှိတဲ့ အခွင့်အလမ်း တွေကို ရှာဖွေ နိုင်ခြင်း။
တကယ်လို့ သင့်အနေနဲ့ အခြားသူ တစ်ယောက်အတွက် အလုပ်လုပ်ပေးနေရမယ်ဆိုယင် အခွင့်အလမ်းကောင်းတွေကို ရှာဖွေနိုင်ဖို့ အခွင့်အရေး နည်းလွန်းလှပါတယ်။ တစ်ခါတစ်ရံ ရှိကို မရှိတတ်ပါဘူး။
၉။ ဘ၀လိုအပ်ချက်နဲ့ အညီ လိုက်လျောညီထွေမှု ရှိနိုင်ခြင်း။
သင့် မိဘတွေ အသက်ကြီးလာပြီး သင့်ရဲ့ စောင့်ရှောက်မှုကို လိုအပ်လာပြီ။ သင့်ကလေးကို ကျောင်းပို့ ကျောင်းကြို ပို့ ရန်လိုအပ်လာပြီ။ သင့် တို့ မင်္ဂလာနှစ်ပတ်လည် နေ့ မှာ သင့် အိမ်ထောင်ဖက် ဘေးမှာ ရှိဖို့ လိုအပ်လာပြီ။
ဝန်ထမ်းဘ၀မှာ ဒါတွေကို လျစ်လျူ ရှု ဖြစ်ဖို့ များပါတယ်။ သင့် ရဲ့  မိဘ နေမကောင်းတဲ့ အချိန် သင် အဝေးတစ်နေရာ ရောက်ယင် ရောက်နေမယ်။ သင့် ကလေး ကျောင်းကား စီးယင်စီးနေရလိမ့်မယ်။ မင်္ဂလာ နှစ်ပတ်လည်နေ့ မှာ သင့် အိမ်ထောင်ဖက်က သင်ရုံး က ပြန်လာတဲ့ အချိန်ကို မအိပ်ပဲ စောင့်ယင် စောင့်နေရပါလိမ့်မယ်။ သင့်အချိန်ကို သင်မပိုင်ပါဘူး။ အလုပ်က ပိုင်နေပါတယ်။
၁၀။ နေရာ အနှံ့ မိမိ စိတ်တိုင်းကျ လျှောက်သွားနိုင်ခြင်း။
မနက် ၉ နာရီကနေ ညနေ ၅ နာရီ ထိ လုပ်ရတဲ့ ၀န်ထမ်းဘ၀မှာ တခြားနေရာ လျှောက်သွားနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါ။ တစ်နေ့ တစ်နေ့ သင့်မှာ သွားစရာ ရုံးနဲ့ အလုပ်နဲ့ ပက်သက်တဲ့ နေရာတွေ ပဲ ရှိမှာပါ။
ကိုယ်ပိုင် လုပ်ငန်း စတင်ပြီးဆိုယင်တော့ နေရာ အနှံ့သွားရပါတော့မယ်။ သင့် လုပ်ငန်း ကို ဖွ့ံဖြိုး တိုးတက်ဖို့ အတွက် ဈေးကွက် ရှာရမယ်။ နေရာ အနှ့ံက လူတွေနဲ့ ဆက်ဆံရတော့မယ်။ ခရီးသွားပြီး ပတ်ဝန်ကျင်သစ်ကို လေ့လာနိုင်မယ့် အခွင့် အရေးတွေ ရလာပါတော့မယ်။
ဝန်ထမ်းဘ၀မှာလည်း ခရီးသွားရတာတွေ ရှိပါတယ်။ ဒါပေမယ့် ကိုယ်ပိုင် လွတ်လပ်မှုနဲ့ သွားရတဲ့ ခရီးက ကိုယ့်အတွက် အခွင့်အလမ်းတွေ ပိုပြီး ဖန်တီးပေးနိုင်မှာ အသေချာပါ။
ဒီအပေါ်မှာ ရေးခဲ့တဲ့ အချက် ၁၀ ချက်ကတော့ သင့်အနေနဲ့ ဝန်ထမ်းဘ၀ကို စွန့် လွှတ်ပြီး ကိုယ်ပိုင် လုပ်ငန်း ထူထောင်ယင် ရရှိလာနိုင်တဲ့ အခွင့်အရေးတွေပါပဲ။
ကျွန်တော် ဘန်ကောက်မှာ ဘွဲ့ လွန် တစ်နှစ်တက်လို့ ဘွဲ့ ရကာနီး အချိန်ပေါ့။ စကော်လာ ရှစ်က ရထားတဲ့ တစ်နှစ်စာ ကျောင်းတတ်ဖို့  အသုံးစရိတ်ကလည်း ကျောင်း ပြီးခါနီးပြီးဆိုတော့ တော်တော် လုံးပါး ပါးသွားပြီ။ စာတမ်းပြုစု ရာမှာ လည်း အသုံးစရိတ်က တော်တော် ထောင်းသွားတယ်။ စာတမ်းအတွက် ကုန်ကျ စရိတ်ကို ကျောင်းက ပြန်ပေးတယ်ဆိုပေမယ့် လောလောဆယ် ကိုယ်က စိုက်ထားရတာ ဆိုတော့ အဆင်သိပ်မပြေ။ မိဘ ဆီက လည်း လှမ်းပြီး မတောင်းချင်တော့ဘူး။
အဲ့ဒီ အချိန်မှာ တစ်နေ့ တစ်နေ့ စဉ်းစားမိတာ ဘယ်လို ၀င်ငွေ ရနိုင်မလဲဆိုတာပဲ။ ထိုင်းမှာက ကျောင်းသားဆိုယင် အလုပ်လုပ်ခွင့်က မရှိ။ ထိုင်းစကားကလဲ မတတ်။
အဲ့ဒါနဲ့ ကိုယ်တတ်ကျွမ်းတဲ့ ပညာနဲ့ ဘာလုပ်လို့ ရမလဲဆိုပြီး အပူအပြင်း ရှာမိတယ်။ အင်တာနက် ပေါ်မှာ အဓိက ရှာတယ်။ workshop တွေမှာလည်း အသိ မိတ်ဆွေတွေ တိုးပွားအောင်လုပ်တယ်။
အဲ့ဒီလို အခွင့်အလမ်း ရှာနေတဲ့ အချိန်မှာ စိတ်လှုပ် ရှားစရာ အကောင်းဆုံးပဲ။ online က freelance job တွေ လိုက်လျောက်တယ်။ ပိုက်ဆံကို သမာအာဇီဝနည်းနဲ့ ရှာနိုင်တာ မှန်သမျှ ကြိုးစားကြည့်တယ်။
အဲ့လိုနဲ့ တစ်လ လောက်လဲ ရှိရော ဘာသာ ပြန်တဲ့ အလုပ် ရတယ်။ email နဲ့ အလုပ်လုပ်ရုံပဲ။ သူတို့ က ပြန်ချင်တာကို ပို့ ။ ကိုယ်က ပြန်ပေးပြီး ပြန်ပို့ ရုံပဲ။ ထိုင်း တက္ကသိုလ်တစ်ခုက ပါမောက္ခ တစ်ယောက်ကို မြန်မာ ပြည်အကြောင်း (အဓိက ကျန်းမာရေး စောင့်ရှောက်မှု) တွေ ကို ရှာပြီး report ရေးပေးရတယ်။ သူက မြန်မာပြည်ကို မသွားခင် ကြိုတင် လေ့လာချင်လို့ ပါ။ facebook မှာ နိုင်ငံခြားသားတွေ အတွက် မြန်မာပြည် ခရီးသွားလုပ်ငန်း page တစ်ခု ထောင်တယ်။ ဘန်ကောက်က နိုင်ငံခြားသား အသိတွေကနေ တဆင့် ကြေငြာတယ်။ စိတ်ဝင်စားသူ ဆက်သွယ်လာယင် ရန်ကုန်က အသိ ခရီးသွား company ကို ချိတ်ပေးလိုက်တယ်။  
အဲ့ဒီအချိန်မှာ ကိုယ့်ဘ၀ကို ကိုယ်ပိုင်သလို ပဲ ခံစားမိတယ်။ ဘယ် အဖွဲ့ အစည်းနဲ့ မှာ အနှောင်အဖွဲ့ မရှိဘူး။ အခွင့်အလန်းအသစ်တွေ အတွက် စိတ်လှုပ်ရှားစရာတွေကြီးပဲ။ လူတွေနဲ့ လည်း ပိုပြီး ရင်းနှီးလာတယ်။ အသဲအသန် ရှာဖွေတဲ့ ရလဒ်က တခြား သူတွေ ဘယ်လို freelance အလုပ်တွေ လုပ်နေလဲဆိုတာကို နားလည်လာတယ်။ ကိုယ့် အချိန်ကိုယ်ပိုင်တယ်။ ကိုယ့် အခန်းမှာကိုယ်လုပ်ရုံပဲ။ စာတမ်းကို အဆုံးသတ်နေတာကို လည်း မထိခိုက်ဘူး။
ဒီလိုနဲ့ အဆင်ပြေနေရာကနေ နောက်ဆုံးတော့လည်း ရာထူး နဲ့ ပုံမှန် လစာ ကို မက်ပြီး ၀န်ထမ်းဘ၀ကို ပြန်ဝင်သွားမိရာက အခုတော့ ပြန်လည် ရုန်းထွက်နိုင်အောင် ကြိုးစားနေဆဲဖြစ်ပါကြောင်း ပြောရင်း နိဂုံး ချုပ်လိုက်ပါတယ်။
သူဌေးနဲ့ ၀န်ထမ်း
သူဌေး - "မင်းသုံးနေတဲ့ကွန်ပြူတာက ကုမ္ပဏီက ကွန်ပြူတာပါ။ ဒီကွန်ပြူတာမှာ
            မင်းရဲ့ကိုယ်ရေးကိုယ်တာတွေ မသိမ်းထားပါနဲ့။ မင်းမိန်းမဓာတ်ပုံ၊ မင်းကလေး
            ဓာတ်ပုံတွေကိုလည်း မသိမ်းထားပါနဲ့။ ဒီဓာတ်ပုံတွေကြည့်ပြီး မင်းကောင်းကောင်း
            အလုပ်မလုပ်ဘူး"
ဝန်ထမ်း - "ဒီလိုဆိုရင် ကျွန်တော့်အိမ်ကကွန်ပြူတာနဲ့ ခင်ဗျားအလုပ်တွေကို မလုပ်ခိုင်းနဲ့။
               မီတာအတက်တော့ ကျွန်တော်မခံဘူး။ ရုံးချိန်မဟုတ်တဲ့အချိန်မှာ ကျွန်တော်လက်ထိပ်တွေ
               ပိုလို့တောင် အပွန်းမခံနိုင်ဘူး"
သူဌေး - "ရုံးချိန်အတွင်း မင်းရဲ့ကိုယ်ပိုင်အလုပ်တွေကို မလုပ်ပါနဲ့။ ဥပမာ- လက်သည်းညှပ်တာတို့၊
            ဆံပင်ဖြီးတာတို့... "
ဝန်ထမ်း - "ကျွန်တော်လည်း ခင်ဗျားကိုပြောချင်တယ်။ ရုံးချိန်အတွင်း ကျွန်တော်ဖြီးလိုက်တဲ့ဆံပင်၊
              ညှပ်လိုက်တဲ့ လက်သည်းတွေဟာ ကျွန်တော်ရုံးတက်နေတုန်း ရှည်ထွက်လာတဲ့အရာတွေပါ"
သူဌေး - "ရုံးချိန်အတွင်း ရုံးဖုန်းကိုသုံးပြီး ကိုယ်ရေးကိုယ်တာ မပြောပါနဲ့"
ဝန်ထမ်း - "ဒီလိုဆိုရင် ကျွန်တော်အိမ်မှာ အနားယူနေတုန်း ခင်ဗျားဆက်လာတဲ့ဖုန်းကိုလည်း
              ကျွန်တော်မကိုင်ဘူး"
သူဌေး - "ကုမ္ပဏီက သုံးဖို့ပေးတဲ့ကားက ကုမ္ပဏီကိစ္စအတွက်သုံးဖို့ပဲ။
            မင်းလျှောက်စီး၊ လျှောက်မောင်းဖို့မဟုတ်ဘူး"
ဝန်ထမ်း - "ဒီလိုဆိုရင် ကျွန်တော့်ကို ဖိနပ်အသစ်တရံပေးပါ။ ကုမ္ပဏီကားကို ဂီယာနင်းတဲ့အခါ
              ကျွန်တော့်ကိုယ်ပိုင်ဖိနပ်ပွန်းသွားမှာ စိုးလို့ပါ..."
>>>မောင်ဟာသ<<<ဆိုဒ်မှ
Thursday, October 8, 2015
ဆေးပညာ အသိပေး
အသက် ၁၈ နှစ်ပြည့်မှ သာဖတ်ပါရန်
မေးခွန်း။ ၃ လခံ တားဆေးက ကလေးရအောင် အနည်းဆုံး တစ်နှစ်လောက် ပြန်စောင့်ရတယ်လို့ ဆရာပြန်ထားတဲ့ စာထဲမှာ တွေ့ရပါတယ်။ အမျိုးသားက နယ်ကို မသွားခင် ကလေး လိုချင်ပါတယ်။ တားဆေးကို တစ်ခါထိုးပြီး ဆက်မထိုးတာ ၂ လရှိပါပြီ။ ရာသီလည်း ပြန်မပေါ်သေးပါဘူးဆရာ။ ဆီးစစ်တာလည်းမပေါ်ပါဘူး။ ကေသီပန် သောက်ပြီး ရာသီ ပြန်ပေါ်အောင်လုပ်ရင် ကလေးရ ဖို့မြန်နိုင်မယ် ထင်လို့ပါ။ အဲဒါလေးသိချင်ပါတယ်။ အတူနေရင် အတွင်း အဝ အစပ်က ပူပြီး နာနေပါတယ်။ အဲဒါ ဘာဆေးသောက်ရမလဲ သိချင်ပါတယ်။ 
အဖြေ။ Depo ၃ လခံထိုးဆေးကို ဆေးရပ်ပြီးစောင့်ရချိန် ဆရာတော့ အတိအကျမပြောပါ. သုတေသန ၅ဝ ကို ရေးထားတာ တွေ့ပါမယ်။ မတူကြပါ။ မဖတ်ရသေးရင်လဲ ပြောပါ။ ပို့ပေးပါမယ်။ သီအိုရီအရ ၃ လပြီးရင် ကလေးပြန်ရနိုင်တာပါ။ 
မေးခွန်း။ အာသီးရောင်ပြီး အဖျားအနည်းငယ် ရှိပါတယ်။ amoxicillin -250mg (၁)ကဒ်+C-Vit+paracetamol(500mg) သောက်ပြီးသော်လည်း အာသီးရောင် မပျောက်သေးပါ။ amoxicillin ပဲထပ်သောက်ရမည်လား အခြားဆေး ပြောင်းသောက်ရမည်လား ညွှန်ကြားပေးပါရှင့်။ 
၁။ ပိုးသေဆေး ဆေးပါတ်လည်ရမယ်။ ဆေးအလေးချိန်မှန်ရမယ်။
၂။ အနာသက်သာဆေး Paracetamol လဲ သောက်ရမယ်။
၃။ ဆားရေနဲ့ ပါးစပ်ဆေးရမယ်။
Tonsillitis အာသီးရောင်၊ ပါးစပ်ဟခိုင်းရင် နီရဲ-ရောင်နေတဲ့ အာသီး တဖက်ဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ်မြင် ရမယ်။ မျိုရမဲ့လမ်းကို ကျဉ်းရာကနေ ပိတ်လုလုအထိ ကြီးနေနိုင်တယ်။ acute tonsillitis ရက်တို ရောင်ရာကနေ ပြည်တည်နိုင်တယ်။ Recurrent tonsillitis ခဏခဏဖြစ်နေသူဟာ allergy ဖြစ်နိုင်တယ်။
Acetaminophen/Paracetamol and/or Ibuprofen တွေကို နာတာ သက်သာအောင် ပေးမယ်။ Salt water gargle, Lozenges, Warm liquids ငုံဆေး၊ ပလုပ်ကျဉ်းတာတွေနဲ့ ရောင်တာ သက်သာစေမယ်။ Group A streptococus ကြောင့်ဖြစ်တာအတွက် Penicillin နဲ့ Amoxicillin တွေက ပဌမတန်းစား Antibiotics တွေ ဖြစ်တယ်။ ဆေး မတည့်သူကို Erythromycin ပေးနိုင်တယ်။ မသက်သာသူတွေကို Clindamycin or Amoxicillin-clavulanate ပေးနိုင်တယ်။ Virus ကြောင့်ဖြစ်တာ ကြာမယ်။ Chronic cases နာတာရှည်နေ သူကို Tonsillectomy ခွဲစိတ်ရတယ်။
Amoxicillin အမောက်ဆာစလင် 
မေးခွန်း။ သမီ့း့ မှာ နေပါတယ်။ အသက် က 32။ အိမ်ထောင်ကျတာ ၄ နှစ် ကျော်ပါပြီ။ လွန် ခဲ့ တဲ့ တစ်နှစ်က သားဥကြွေဆေးကို ၆ လ သောက်ခဲ့ဖူးပါတယ်။ ကလေး မရခဲ့ပါဘူး။ အခု ဘာဆေး မှမ သောက် ဘဲ ကိုယ် ဝန် ရတာ ၁ဝ ပတ် ရှိပါပြီ။ ကိုယ်ဝန် ၆ ပတ်တုန်းက အဝါလိုလို အညိုလိုလို သွေးရည်ကြည်လိုလို နဲနဲစွန်းပေမယ့် OG က impletation bleeding ဖြစ်နိင်တယ်လို့ ပြောပါတယ်။ Pregnyl 5000 iu injection ကိုလည်း အဲဒီကတည်းက ၉ ပတ် ပြည့်တဲ့နေ့ (ကလေး 2.4 cm) ရှိတဲ့နေ့အထိ တပတ် ၃ ကြိမ် ထိုးခဲ့ပါတယ်။ သွေးနဲနဲပေတာက တစ်ရက်လောက်နဲ့ ပျောက်သွားပေမယ့် အဲဒီနောက်ပိုင်း အဝါရောင် အရည်ကြည် နဲနဲပေပါတယ်။ အခုထိလဲ အဝါရောင် ချွဲလိုလိုတွေ နဲနဲပေပါတယ်။ သွေးတော့ လုံးဝမပေပါဘူး။ ပေတယ်လို့ သုံးတာက တစ်နေ့လုံးနေမှ အနည်းငယ်စွန်းရုံမို့ပါ။ အဲဒါ စိတ်ပူရပါသလား။ 
အဖြေ။ မစိုးရိမ်ပါနဲ့။ OG လဲပြထားတော့ ကိုယ်ဝန်က ကောင်းမှာပါ။ လိုအပ်ရင် အာလ်ထွာဆောင်းရိုက်လိမ့်မယ်။ အဖြူ-အဝါဆင်းတာက ကိုယ်ဝန်ပျက်ချင်လို့ မဟုတ်တတ်ပါ။ ဟော်မုန်းအခြေအနေနဲ့ ပိုးဝင်တာကို စဉ်းစားရတယ်။ ပိုးဆိုလဲ ဆရာဝန်က ဆေးပေးမှာပါ။ စိတ်အေးလက်သာ စောင့်ကြည့်ပါ။ 
မေးခွန်း။ သမီးက လျှာရှည်တတ်တာတော့ မဟုတ်ပါဘူးရှင်။ ဒါပေမဲ့ OG တွေ သွားပြတဲ့အခါ သူတို့က ဘာဖြစ်လဲမေးတယ်။ မေးပြီး ဆေးပေးလိုက်တယ်။ ဘာကြောင့် ဒီလို ဖြစ်ရတယ်ဆိုတာတွေကို ပြောမပြပါ ဘူးရှင်။ သားအိမ်ခြစ်ပြီး နောက်ပိုင်းမှာ သားအိမ်က အရင်လို မဟုတ်တော့ပဲနဲ့ သားအိမ်အောင့်ခြင်း၊ ခါးအောက်ပ်ုင်းတွေ အောင့်ခြင်း၊ အဖြူဆင်းခြင်း စတာတွေ ဖြစ်ပါတယ်ရှင်။ အဲဒီလို ဖြစ်ရင် OG သွားပြတဲ့ အခါ ဆေးသောက်လိုက်ရင် သက်သာပါတယ် ပြီးရင် ပြန်ဖြစ်ပါတယ်ရှင်။ ဆရာဝန် တစ်ယောက်ကပြောတာတော့ Infection ဝင်တယ်တဲ့။ အဲဒါ ဘာကိုပြောတာပါလဲရှင်။ သမီး အရင်လို သားအိမ်မျိုး ပြန်ဖြစ်အောင် ဘယ်လို ကုသရမလဲရှင်။ 
အဖြေ။ (အင်ဖက်ရှင်) ဆိုတာ ပိုးဝင်တာ။ ဖြစ်နိုင်တယ်။ မစိုးရိမ်ပါနဲ့ ဆေးတွေကကောင်းကောင်းနိုင်တယ်။ လိုသေးရင် ဆေးပြောင်းရတယ်။ ၁-၂ ပါတ်ထက် ပိုမကြာတတ်ပါ။ အတူနေသူမှာလဲ ပိုးကင်းရမယ်။ တခါ တလေ နှစ်ယောက်လုံးကို ဆေးတပြိုင်တည်းကုပေးရတယ်။ ပြန်ဖြစ်တာလဲရှိတယ်။ 
မေးခွန်း။ မျိုးဥကြွေတယ်ဆိုတာ လစဉ်ကြွေတာလား၊ ကြွေတဲ့လ ကြွေလိုက်၊ မကြွေတဲ့လ မကြွလိုက် ဖြစ်တာပါလားရှင်။ သမီးက အရင်လတွေက လစဉ်မျိုးဥကြွေပြီး ဒီလမှ မကြွေလို့ပါနော်။ 
အဖြေ။ ဟုတ်ပါတယ်။ အသက်အရွယ်၊ ကျန်းမာရေး၊ ဟော်မုန်းစတာတွေအပေါ်မှာ မူတည်ပါတယ်။ ဒီလမှာ မျိုးဥမထွက်ပေမဲ့ နောက်လတွေလဲ ထွက်မှာမဟုတ်ဘူးလို့ မထင်သင့်ပါ။ ကံတရားကိုလဲ အားကိုးပါ။ 
မေးခွန်း။ ဆရာ ကျွန်မဆရာဆီ အာသာဖြေခြင်းနဲမေးဖူးတဲ သမီးပါဆရာ။ ခုသမီးမေးခြင်တာက အာသာဖြေခြင်းရဲ့ဆိုးကျိုးပါဆရာ။ ဟိုတလောပြန်စာမှာ ကောင်းကျိုးရှိတာပြောလို့ သိရပါတယ်ဆရာ။ ဒီနေ့ပဲစာတွေ ဖတ်ရင်း အာသာဖြေတာ အာရုံစူးစိုက်မှုစွမ်းရည် လျော့ကျစေတယ်ဆိုတာတကယ်လားဆရာ။ သမီးစာကျက်ရင် (အထူးသဖြင့်) ဒီတခုထဲပေါ် အာရုံစိုက်လို့မရတာ ဟိုထဒီထနဲ့ ဟိုလုပ်ဒီလုပ်ဖြစ်နေတာ အဲ့လိုအာရုံစိုက်လို့မရတာ အဲ့တာကြောင့်လားဆရာ။ နောက် အာသာဖြေတာ ဘယ်လိုဆိုးကျိုရှိလဲဆရာ။ ဆိုးကျိုးတွေနဲအတူ အဲလိုစိတ်ကိုလျော့ချတဲနည်းရှိရင်ပေးပါဆရာ။ သမီးကိုယ်တိုင် မကြိုက်လို့ပါဆရာ။ အချိနိကုန်လို့ပါဆရာ။ 
အဖြေ။ Female Masturbation (1) အမျိုးသမီးများ ဖါသာ-အာသာဖြေခြင်း (၁) မေးခွန်း။ အဲဒီစစ်ဆေးတဲ့ကိရိယာလေးတွေက စိတ်ချရလားဆရာ။ အမှန်ကိုပြပေးနိုင်လား။ ဘယ်နှစ်ခါလောက် စစ်ကြည့်ရပါမလဲ။ 
အဖြေ။ Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း 
မေးခွန်း။ ဆရာ သမီးရာသီပေါ်တာနောက်ကျနေလို့ ကိုယ်ဝန်ရှိမရှိဆီးစစ်ကြည့်ချင်ပါတယ်ဆရာ။ ဒါပေမဲ့ အိမ်သုံး ဂျင်းနဲ့ထန်းလျက် သောက်လိုက်တော့ရာသီချက်ချင်းလာပါတယ်။ အဲတာ ကိုယ်ဝန်ဖြစ်နိုင်သေး လား ဆရာ။ ပြီးတော့ ဆီးစစ်တာက ရာသီမလာလို့ ၁ ပတ် အကြာမှာစစ်ရင် သေချာတယ်လို့ သိရပါတယ်။ သမီးက အခုလက်ရှိလည်း ရာသီလာနေတော့ ဘယ်အချိန်စစ်ကြည့်ရပါမလဲ ဆရာ။ ကိုယ်ဝန်ဟုတ်မဟုတ် သိလိုပါတယ်။ အဖြေ။ ရာသီလာရမဲ့ရက်ထက် တပါတ်နောက်ကျချိန်ကစပြီး စစ်နိုင်ပါတယ်။ အခုလာနေတာက လာရမဲ့ရက်ဖြစ်နေရင် တပါတ်အကြာမှာ စမ်းပါ။ ကိုယ်ဝန် မလိုချင်သေး ရင် တားနည်း-တားဆေး သင့်တာကို ရွေးပြီး စနစ်တကျသုံးပါ။ ဆရာရေးထားတာတွေ ရှိပါ တယ်။ 
မေးခွန်း။ ကျွန်တော့် ကောင်မလေးရဲ့လက်မောင်းက လက်ဆန့်ထားရင် အသားလေးတွေက ပျော့ပြီး အောက်ကိုတွဲတွဲလေး ဖြစ်နေပါတယ်ဆရာ။ သူများတွေလို ကျစ်ကျစ်လေးမဟုတ်ဘူးဆရာ။ အဲ့တာဘာဖြစ် လို့ပါလဲ။ သူ့အသားအရည်က တော်တော်လေးတော့ ပျော့ပါတယ်ဆရာ။ အရပ်ပုပြီး ပုံမုန်ထက် နည်းနည်းလေးပဲဝပါတယ်။ အသားဖြူပြီး ခြောက်တဲ့ဘက်ပါပါတယ်ဆရာ။ အသီးအရွက်စားတာ နည်းပါ တယ်။ အသားဆိုလည်း ကြက်သားနဲ့ ငါးပဲစားပါတယ်။ အသက်က 19 ပဲရှိပါသေးတယ်။ သူများတွေလို ကျစ်ကျစ်လေးဖြစ်အောင် လုပ်လို့မရဘူးလားဆရာ သူများတွေဆို ဘယ်လောက်ဝဝ အဲ့လိုမဖြစ်ပါဘူး။ ဆောင်ရန်ရှောင်ရန်တွေများရှိမလားဆရာ။ 
အဖြေ။ Nutrition အာဟာရ 
မေးခွန်း။ ကျွန်မနာမည့့် ပါ။ ကျွန်မ့ မှာနေပါတယ်။ ကျွန်မရဲ့ ဆီးခုံမှာ လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက် ကတည်း က အကျိတ်လေး တစ်ခုပေါ်လာပါတယ်။ နာကျင်မှုတော့ မရှိပါဘူး။ ခြောက်လလောက် ကြာတော့ နောက် ထပ် အကျိတ်သေးတစ်ခု မူလရှိတဲ့ အကျိတ်ဘေးမှာ ထပ်ပေါ်လာပါတယ်။ အကျိတ်တစ်ခုက ပြောင်းဖူးစေ့ ခန့်လောက် ရှိပါတယ်။ နောက်တစ်ခုက အဲဒီထက်သေးပါတယ်။ အဲဒီအုကိတ်တွေက ပျောက်လည်း မသွားသလိုကီးလည်းမလာပါဘူး။ နာကျင်မှုလည်းမရှိပါဘူး။ ကျွန်မ ဘာလုပ်ရမှန်းမသိပါဘူး။ ဆရာ့အနေနဲ့ ကျေးဇူးပြုပြီး ဘာဖြစ်နိုင်သလဲ၊ ဘယ်လို ပျောက်အောင်လုပ်ရမလဲ၊ အရမ်းစိုးရိမ်ရပါသလား ဆိုတာလေးကို ရှင်းပြပေးပါရှင်။ ကျွန်မအသက် ၂၆ နှစ်ရှိပါပြီ။ ကျွန်မမှာ ချစ်သူရှိပါတယ်။ ချစ်သူနဲ့ တစ်ပတ်မှာ တစ်ရက် အတူနေဖြစ်ပါတယ်။ 
အဖြေ။ မစိုးရိမ်ပါနဲ့။ အကျိတ်က ကြီးလာသလား၊ အရောင်က နီသလား၊ ပြာသလား၊ အသားရောင် အတိုင်းလား။ များသောအားဖြင့် ကင်ဆာမဟုတ်အကျိတ်၊ အဆီကျိတ်၊ တက်စေ့ရောင် ဖြစ်တယ်။ လိင်ကတဆင့်ကူးတာမျိုးက အဲလို မဖြစ်တတ်ဘူး။ 
မေးခွန်း။ သမီးအသက် ၂၂ ပါ။ ပိန်နေလို့ ဝချင်ပါတယ် ဆရာ။ သူများတွေပိန်သလို အရမ်းအပိန်ကြီးတော့ မဟုတ်ပါဘူး။ အရင်တုန်းက ဝပါတယ်။ ဝပြီးမှ ပြန်ပိန်တော့ အကြောပြတ်ရာတွေ ပေါ်ပါတယ် ဆရာ။ ပိန်တဲ့မျိုးရိုးလည်း မဟုတ်ပါဘူး။ နေမကောင်းလို့ ဆေးခန်းပြရင်းနဲ့ ဆရာမကိုဝချင်တယ်ပြောတော့ သောက်ဆေးပေးပါတယ်။ စွဲတော့ မသောက်ခိုင်းပါဘူး။ အားဆေးလည်းပါပါတယ်။ စုစုပေါင်း ၃မျိုးပါ။ တစ်မျိုးကတော့ ဘဲဥပုံသေးသေးလေးပါ။ cox လို့ ဆေးမှာ ရေးထားပါတယ်။ အဲဒီဆေးက မျက်နှာဖောင်း တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဆေးကဖြတ်လိုက်ရင် ချက်ချင်း ပြန်ပိန်ပါတယ် ဆရာ။ ဆက်သောက်တော့လည်း ရောဂါဖြစ်မှာစိုးပါတယ်။ အဲဒါကြောင့် စွဲပြီးသောက်လို့ရမယ့် ကျန်းမာရေးလည်း မထိခိုက်တဲ့ ဝမယ့်အားဆေးမျိုး သောက်ချင်ပါတယ်။ တစ်ခါတစ်ခါ အစားအသောက်လည်း ပျက်ပါတယ်။ နေမကောင်းရင် ချက်ချင်းပိန်ကျသွားတတ်ပါတယ်။ 
အဖြေ။ စာတပုဒ်ပို့လိုက်တယ်။ အရပ်ထဲက ဝဆေးဆိုတာမျိုး လုံးဝမသုံးပါနဲ့။
Weight gain လှယုံမက ဝချင်သေးရင် 
မေးခွန်း။ ကျမက ကိုယ်ဝန် ရ လထဲမှာပါ။ ကိုယ်ဝန်ရှိစက ကိုယ်အလေးချိန် ပေါင် ၁ဝ၈-၁၁ဝ လောက်ပါ။ ကြားလတွေမှာ မတိုင်းပဲ အခု ရ လထဲမှာတိုင်းတော့ 58kg (၁၂ရ.၆ပေါင်) ဖြစ်နေပါတယ်။ ဝိတ်တိုးလာတာ ပုံမှန်ရဲ့လားဆရာ။ တစ်လ နှစ်ပေါင်တိုးတာပဲ ကောင်းတယ်လို့ သိထားပါတယ်။ အစားစားတာများနေပြီလား သိချင်ပါတယ်ဆရာ။ ပြီးတော့ ဝိတ်တိုးလာတော့ လိပ်ခေါင်းလေးကအရင်ထက်ပိုစူလာပြီး နည်းနည်းနာလာပါတယ်။ ရိုးရိုးမွေးချင်တာပါ။ ဒါပေမဲ့ လိပ်ခေါင်း အခြေအနေကြည့်ပြီး ခွဲရင်ခွဲရမယ်ဆိုလို့ စိတ် မကောင်းဖြစ်မိပါတယ်။ အပ်ထားတဲ့ ဆရာဝန်က လိပ်ခေါင်းကို ကိုယ်ဝန်နဲ့မို့ လိမ်းဆေးသောက်ဆေး မပေးပါဘူး။ ခွဲမမွေးရအောင် လိပ်ခေါင်းကို တည့်မယ့်ဆေးလေး လိမ်းချင်ပါတယ်။ ဘယ်ဆေးနဲ့ သင့်တော်မလဲ ညွှန်ကြားပေးပါဦးရှင့်။ ဆရာရေးတဲ့ လိပ်ခေါင်းအကြောင်းဖတ်ပြီးပါပြီ သမီးနဲ့သင့်မသင့် မသိလို့ပါ ဆရာကျေးဇူးပြုပြီး အကြံပေးပါဦးဆရာ။ 
အဖြေ။ လိပ်ခေါင်းအကြောင်း စာထဲမှာပါတာတွေက ကိုယ်ဝန်ဆောင်မှာလဲ မသင့်မရှိပါ။ ရေနွေးသုံးတာကို ဦးစားပေးပါ။ အစားအစာကို ဂရုစိုက်ပါ။ လိပ်ခေါင်းကြောင့် ခွဲမွေးရတယ်ဆိုတာ မလုပ်မဖြစ် ခွဲရမယ့်အချက်တော့ မဟုတ်ပါ။ 
နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်တယောက်မှာ တိုးလာတဲ့အလးချိန်တွေကို ဘယ်အရာတွေက ဘယ်လောက် လေးသလဲဆိုရင် -
• ကလေး = ၈ ပေါင်
• အချင်း = ၂-၃ ပေါင်
• ရေမြွာရည် = ၂-၃ ပေါင်
• ရင်သား = ၂-၃ ပေါင်
• သွေးထုထည် = ၄ ပေါင်
• အဆီ = ၅-၉ ပေါင်
• သားအိမ် = ၂-၅ ပေါင်
• စုစုပေါင်း = ၂၅-၃၅ ပေါင် 
ကိုယ်ဝန်မဆောင်မီ ကိုယ်အလေးချိန်နဲ့ တိုးလာသင့်တဲ့အလေးချိန်
• နည်းသူ (BMI <18.5) = ၁၃ - ၁၈ ကေဂျီ (၂၈ - ၄ဝ ပေါင်) တိုးလာသင့်
• သင့်သူ (BMI of 18.5–24.9) = ၁၁ - ၁၆ ကေဂျီ (၂၅ - ၃၅ ပေါင်) တိုးလာသင့်
• များသူ (BMI 25–29.9) = ရ - ၁၁ ကေဂျီ (၁၅ - ၂၅ ပေါင်) တိုးလာသင့်
• အဝလွန်သူ (BMI 30 or more) = ၅ - ၉ ကေဂျီ (၁၁ - ၂ဝ ပေါင်) တိုးလာသင့် 
ပျမ်းမျှ အလေးချိန်တိုးခြင်း
• ကိုယ်ဝန် ပဌမ ၃ လ = ၁့၃ - ၁့၈ ကေဂျီ
• ကိုယ်ဝန် ဒုတိယ ၃ လ = ၅့၅ - ၆့၅ ကေဂျီ
• ကိုယ်ဝန် တတိယ ၃ လ = ၃့၅ - ၄့၅ ကေဂျီ 
တိုးပြီး စားသုံးသင့်တဲ့ အစားအစာ (ကလိုရီ) နေ့စဉ်
• ကိုယ်ဝန် ပဌမ ၃ လ = ၁ဝဝ ကေစီအယ်လ်
• ကိုယ်ဝန် ဒုတိယ ၃ လ = ၃ဝဝ ကေစီအယ်လ်
• ကိုယ်ဝန် တတိယ ၃ လ = ၃ဝဝ ကေစီအယ်လ်
(မှတ်ချက် ၁ ကေဂျီ = ၂့၂ ပေါင်) 
မေးခွန်း။ သမီးနာမည်က့ ပါ။ အသက်က ၂၃ ပါ။ သမီးသိချင်တာလေး ၁ ခုလောက်မေးချင်လို့ပါ။ သမီး ကောင်လေးနဲ့ တွဲလာတာ ၈ နှစ်ကျော်ပါပြီ။ နှစ်ဖက်မိဘတွေလည်း အခုထိ တွဲနေတာသိနေပါတယ်။ နောင်နှစ်မှ အိမ်ထောင်ပြုမည်ဆိုပြီး အခုထိ တွဲနေကြတာပါ။ မကြာခင်ရက်က နှစ်ယောက်စလုံး စိတ်လွတ် သွားပါတယ်။ လိင်ဆက်ဆံတဲ့အထိတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လိင်အင်္ဂါအချင်းချင်းထိမိသွားပါတယ်။ မဖြစ်သင့်ဘူးဆိုပြီး ချက်ချင်းဘဲရပ်လိုက်ပါတယ်။ သမီးကြောက် တာက သမီးရာသီလာပြီးတာ ၇ ရက်ဘဲရှိသေးတော့ အတော်မဆကိုယ်ဝန်ရသွားမှာကြောက်တာပါ အဲဒါကြောင့် ကိုယ်ဝန်ရှိနိုင်လား ဆိုတာပါ။ ကိုယ်ဝန်တာဆေး ကြိုတင်ကာကွယ်တဲ့အနေနဲ့ သောက်သင့် သလားဆိုတာ သမီးဆီ စာပြန်ပါဦးနော်။ 
အဖြေ။ ယောက်ျားသုက်ပိုးက မိန်မအင်္ဂါထဲမဝင်ရင် ကိုယ်ဝန်မရပါ။ ဝင်တဲ့အချိန်မှာလဲ မိန်းကလေးက ကိုယ်ဝန် ရနိုင်လောက်တဲ့ရက်လဲဖြစ်ရမယ်။ တားဆေး-တားနည်းတွေ အများကြီးရှိတယ်။ ဖတ်ပြီး လက်လှမ် မီတာနဲ့ ကိုယ်နဲ့သင့်တာကိုရွေးပြီးလိုက်နာပါ။ 
မေးခွန်း။ ကျနော် အသက် ၂၄ နှစ် ပါ လက်ရှိ့ မှာ တာဝန်ကျနေပါတယ်။ ကျနော်က အန္တရယ်ရှိနိုင်တဲ့ sexual intercourse မျိုး ရှိခဲ့ပါတယ်။ အကာအကွယ်မသုံးဘဲ ဆက်ဆံခဲ့တာပါ။ ကျနော်ဆက်ဆံခဲ့တဲ့ partner တွေကလည်း ပါတနာများပါတယ်။ အခု ကျနော် genital organ ထိပ်ဖျားဧရိယာမှာ အဖုလေးတွေ ထွက်နေပါတယ်။ လက်နဲ့ ဆိတ်ပြီး ဖယ်လိုက်ရင် သွေးထွက်ပါတယ်။ မကြာခင်ပျောက်သွားပါတယ်။ နောက် သိပ်မကြာတဲ့အချိန်မှာ ပြန်ပေါ်ပေါ်လာပါတယ်။ ကျနော်ထင်တာ HPV များ ဖြစ်မလားလို့ပါ အချိန်ရှိသလောက် ရှာပေမယ့် အဲဒီအကြောင်းကို ဆရာ့စာမျက်နှာမှာ မတွေ့သေးလို့ပါ။ နောက်ပြီး ကျနော်က sexual intercourse မှာ Top (ပို့တဲ့) နေရာကပဲ ဆက်ဆံတာပါ။ ဒါပေမယ့် ကျနော့် anus တဝိုက်မှာလည်း အဖုလေးတွေ ပေါ်နေတယ်။ စမ်းကြည့်လိုက်ရင် မာမာအစေ့လေးလိုပဲ။ တဖုနှစ်ဖု အဲလောက်ပဲ ပေါ်တာပါ။ အဲလို အဖုလေးတွေပေါ်တာ ၇ လလောက်ရှိပါပြီ။ ပေါ်လိုက်ပျောက်လိုက်ပါပဲ။ ကျန်တာတော့ ပုံမှန်ပါပဲ။ 
အဖြေ။ STDs (5) လိင်ကတဆင့် ကူးစက်ရောဂါများ အခြေခံ 
မေးခွန်း။ လက်ထပ်တော့မယ့် စုံတွဲအနေနဲ့ ဆေးစစ်ရင် ဘာတွေစစ်သင့်ပါသလဲဆရာ။ ပြီးတော့ ဘယ်နေရာတွေမှာ စစ်နိုင်ပါသလဲ။ လက်မထပ်ခင် အချိန်ဘယ်လောက် အလိုမှာ စစ်သင့်ပါသလဲခင်ဗျ။ ဘယ်လိုကာကွယ်ဆေးတွေ လိုအပ်မလဲခင်ဗျ။ 
အဖြေ။ အခြခံစမ်းရမှာနဲ့ ခေတ်အမီဆုံးစမ်းနည်းတွေအထိရှိတယ်။ ပေးတဲ့ လင့်ခ်ထဲက မာတိကာကိုကြည့်ပြီး လိုတာကို ဖတ်ပါ။ နောက်မှ လိုရင်မေးပါ။ 
မေးခွန်း။ ဗိုက်ခွဲပြီး ကလေးမွေးတဲ့ မိန်းမတွေ လိင်ဆက်ဆံရင် အင်္ဂါဇာတ် နာတယ်ဆိုတာ ဟုတ်ပါသလား။ ကျွန်တော်က ၂၃ နှစ်ပါ ကျွန်တော့ မိန်းမက ၃ဝ နှစ်ပါ။ လွန်ခဲ့တဲ့ ၆ လက ဗိုက်ခွဲ ပြီး ကလေးမွေးထားတာပါ။ အဲဒါ မွေးပြီး ၃ လလောက်ကတည်းက ဆက်ဆံဖို့ ကြိုးစားတိုင်း နာတယ် စပ်တယ်ဆိုလို့ မဆက်ဆံ ရတာ ခုထိပါ။ ပြီးတော့ သူက လိင်စိတ်လည်း မရှိဘူး။ ကျွန်တော့ အင်္ဂါက ပုံမှန်ပါဘဲ ဘယ်လိုလုပ်ရမလည်း ဆရာ။ 
အဖြေ။ ဗိုက်ခွဲမွေးထားရင် မအင်္ဂါနေရာမျာ ဘာမှ ထူးခြားတာ မရှိနိုင်ပါ။ နာတာက အကြောင်း တခုခု ရှိနိုင်ပါတယ်။ စိတ်နည်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဖြူဆင်းသလား၊ အနာအဆာရှိသလား။
Female Libido အမျိုးသမီး “စိတ်” နည်းနေခြင်း 
မေးခွန်း။ နားနှင့်မနာ ဖဝါးနှင့် နာပါဆရာ။ ကျွန်တော့ လိင်တံထိပ်က ကွမ်းသီးခေါင်းနဲ့ လိင်တံကို ဖုံးထားတဲ့ အရေပြား ဆက်တဲ့ အမျှင်ကြိုးလေး ကဆက်ဖျင်းဖျင်းနဲ့ နာနေတယဆရာ။ အဲဒါ ဘာဆေးလိမ်းရမလဲဆရာ။ ဖြစ်တာက ၅ လလောက်ရှိပါပြီ အသက်က ၂၄ နှစ်။ အိမ်ထောင်နဲ့ပ။ါ အဲ့ဒါ လိင် ဆက်ဆံတိုင်းနာလို့ပါ ကူညီပါဦး။ 
အဖြေ။ Doxycycline တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ရ-၁၄ ရက်သောက်ပါ။ Paracetamol တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊၄-၅ ရက်သောက်ပါ။ ဆက်ဆံမှုပြုရင် ကွန်ဒွမ်သုံးပါ။ 
မေးခွန်း။ ဆေးကနှစ်မျိုးလုံးသုံးရမှာလား။ ဆေးသောက်တုနးဘဲ ကွန်ဒုံးစွပ်ရမှာလား။ 
အဖြေ။ ဆေး ၂ မျိုးလိုမယ်။ ကွန်ဒွမ်ဆိုတာ လိင်ကတဆင့်ကူးစက်ရောဂါတွေကို ကာကွယ်တယ်။ ကိုယ့်မှာ သူ့မှာရှိမယ်ထင်ရင် ဘယ်တော့မဆို သုံးရမယ်။ 
မေးခွန်း။ ငါးကြီးဆီက လူကြီးအတွက်ရယ် ကလေးအတွက်ရယ် ၂မျိုးရှိတယ်တဲ့ ဆရာ။ အခုမှ သိလို့ပါ။ လူကြီးအတွက် ငါးကြီးဆီက ဘာကောင်းလဲ သိချင်ပါတယ်။ သမီးက ငယ်ငယ်လေးတည်းက ငါးကြီးဆီ စားရတာ အရမ်းကြိုက်ပါတယ်။ လူကြီးအတွက် ငါးကြီးဆီက တစ်နေ့ ၁ လုံးပဲစားရတာလား။ ဒါမှမဟုတ် ကလေးစားတဲ့ ငါးကြီးဆီကိုပဲ အများကြီးစားမယ်ဆိုရင်ကော ရပါသလား။ သမီးအသက်က ၂၂ ပါ။ 
အဖြေ။ ငါးကြီးဆီဆိုတာ ဗီတာမင် (အေ) ဖြစ်တယ်။ ဗီတာမင်တွေထဲမှာ များရင်မကောင်းတာ (အေ) တခုသာရှိတယ်။
• 0 - 6 months: 400 micrograms per day (mcg/day)
• 7 - 12 months: 500 mcg/day
• 1 - 3 years: 300 mcg/day
• 4 - 8 years: 400 mcg/day
• 9 - 13 years: 600 mcg/day
• Males age 14 and older: 900 mcg/day
• Females age 14 and older: 700 mcg/da 
မေးခွန်း။ Ecee2 သောက်ပြီး တစ်ပတ်လောက်ကြာတော့ရာသီလာတယ်ဆိုရုံမျှ အနည်းငယ်ပဲလာ ပါတယ် ခင်ဗျ။ အဲ့လိုလာတဲ့အတွက် ကျွန်တော်တို့ဆက်ဆံမှုအတွက် ကိုယ်ဝန်ရနိုင်ပါသလား။ ဆက်ဆံပြီးလို့ ရာသီလာရင် ကိုယ်ဝန်မရနိုင်ဘူးလို့ မှတ်သားထားမိလို့ပါဆရာ။ ဆေးကြောင့်လာတာနဲ့ သဘာဝအတိုင်း လာတာ ကွာပါသေးသလားဆရာ။ 
အဖြေ။ အတိအကျပြောမရပါ။ အရေးပေါ်တားဆေးကြောင့် သွေးဆင်းပါမယ်။ ရာသီဖြစ်ဖြစ်၊ တခြားသွေးဖြစ်ဖြစ်ဆင်းရင် အဲဒီအရင်က နေခဲ့တာအတွက် ကိုယ်ဝန်မရတော့ပါ။ တခါတလေ ကိုယ်ဝန်ရှိလို့လဲ သန္ဓေက သားအိမ်မှာလာက်ချိန်မှာ (တချို့) သွေးဆင်းတတ်တယ်။ ဆီးစစ်မှသာ သေချာ တယ်။ 
မေးခွန်း။ ကျွန်တော့်မှာ ခါးကျီးပေါင်းရှိတယ် ဆရာ။ အဲ့ဒါ ဗိုက်အဆီကျအောင် အိပ်ထမတင် လေ့ကျင့်ခန်း လုပ်လို့ရပါသလား 
အဖြေ။ ထိန်းလုပ်ရင်တော့ ရပါတယ်။ 
မေးခွန်း။ ကျွန်တော်၏ အမျိုးသမီးမှာ နောက်(1)နှစ်ခွဲခန့်တွင် ယင်း၏အမေမျိုးရိုးအရ သွေးဆုံးမည်ဟု ခန့်မှန်းရပါသည်။ ထို့ကြောင့်သွေးဆုံးလျှင် ခံစားရမည့်ရောဂါများကို ကြိုတင်ကာကွယ်သည့်အနေဖြင့် မည်သည့်ဆေးများ ကြိုတင် သောက်သုံးရမည်ကို လမ်းညွှန်ပေးနိုင်ပါရန် 
အဖြေ။ Menopause (3) သွေးမဆုံးခင် ဖြစ်ချင်တာတွေ (၃) 
မေးခွန်း။ ကွန်ဒွန်းကို စနစ်တကျသုံးရင် 98% ကာကွယ်တယ်လို့ သိရပါတယ်။ ဘယ်လို စနစ်တကျ သုံးရမလဲ ဆိုတာ ဖြေကြားပေးစေလိုပါတယ်။ တစ်ခါမှလည်း လိင်မဆက်ဆံဘူးသေးပါဘူးဆရာ။ မိန်းကလေး တစ်ယောက် လိင်တစ်ခါဆက်ဆံရင်ဘာတွေပြောင်းလည်းတတ်ပါသလဲဆရာ။ ကိုယ်ဝန်မရရန် ဘယ်လိုမျိုးလုပ်ဆောင်ရပါမလဲခင်ဗျာ။ ဘယ်လိုမျိုး ဆောင်ရန်ရှောင်ရန်ရှိရင် ပြောပြစေလိုပါတယ်။ မိန်းကလေး တစ်ခါဆက်ဆံရင် ရင်သားတွေ တွဲသွားတတ်ပါသလား။ ကိုယ်ဝန်မရဖို့နဲ ကွန်ဒုံးကို စနစ်တကျ သုံးတတ်စေရန် ပုံနှင်တကွလမ်းညွှန်ပေးစေလိုပါတယ်။ မကြာခင် ညားခါစ လင်မယားဖြစ်တော့မှာမို့လို့ပါ နည်းလမ်းလေးများညွှန်ကြားပေးစေလိုပါတယ် 
အဖြေ။ Condom အသုံးပြုပုံအဆင့်ဆင့်
ကွန်ဒုံးကိုင်တွယ်မည့်လက်ကိုသန့်ရှင်းအောင်ဆေးကြောရန်။
ခြောက်သွေ့အောင်ပြန်သုတ်ရန်။
(၁) မဖောက်မီ ရက်လွန်/မလွန် စစ်ဆေးပါ။ ရက်လွန်လျှင် မသုံးရ။ မိမိနှင့်သင့်တော်သော ကွန်ဒုံး
အရွယ်အစားအားရွေးချယ်အသုံးပြုရန်။ (၂) ကွန်ဒုံးကို လက်ဖြင့်သာ ဖောက်ရမည်။ ကတ်ကြေးစသည်ဖြင့် မသုံးရ။
(၃)လိင်မဆက်ဆံမီ လိင်တံ တင်းမာနေချိန်တွင် စွပ်ရမည်
(၄) ထိပ်တွင်လေမခိုစေရန် လက်တစ်ဖက်မှ ညှစ်ထားသင့်သည်
(၅) အခြာလက်မှ ကွန်ဒုံးကွင်းလိပ်အား
လိင်တံအရင်းသို့ လှိမ့်၍ ဖြေချရန်
(၆) အသုံးပြုပြီးပါက လိင်တံမပျော့မှီ အရင်းမှ ပြန်လှိမ့်၍ ချွတ်ရန်
(ရ) အသုံးပြုပြီးသားကွန်ဒုံးအား သူ့အိပ်ထဲပြန်ထည့်ပြီး အမှိုက်ပုံးသို့ စွန့်ပစ်ရန်
(၈) မှတ်ချက် - အိမ်သာခွက်ထဲ မစွန့်ပစ်ရ
ကွန်ဒုံးနှစ်ထပ် မသုံးရ- လက်ပြန်ဆေးရန် 
မိန်းကလေးတွေရင်သားဆိုတာ လိင်ဆက်ဆံမှုနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဒါပေမဲ့ အနေအထိုင်၊ ခုန်လွှားပြေးတာတွေနဲ့လဲဆိုင်သေးတယ်။ ဝတ်တဲ့ဘရာလဲသိတ်ထားရတယ်။ 
မေးခွန်း။ ကျွန်မအသက်က ၁၈ နှစ်ပါ။ ကျွန်မအပျိုစင်စစ်စစ်ပါဆရာ။ ဒါပေမဲ့လွန်ခဲ့တဲ့ ၈ ရက်လောက်က ကျွန်မချစ်သူနဲ့မှားယွင်းတော့ မလိုဖြစ်ခဲ့ပါတယ်။ နားနဲ့မနာဖဝါးနဲ့နာပါရှင်။ မှားယွင်းတော့မလိုဆိုပေမဲ့ဟိုလို ဆက်ဆံတဲ့အဆင့်တော့မရောက်ခဲ့ပါဖူးရှင့်။ လိင်တံကို vagina ထဲကိုလည်း မသွင်းခဲ့ဘူး။ ဒီအတိုင်း vagina အဝကိုပဲထိ တာပါရှင်။ သူလည်း သုက်မလွှတ်ခဲ့ပါဘူ။း semen တွေပဲတွေ့ပါတယ်။ အခုကျွန်မ ဓမ္မတာလာမည့်ရက်ကို မလာသေးပါဘူးဆရာ။ အိမ်ကသွေးပေါ်ဆေးထိုးပေးပါတယ်ရှင့်။ ၃ ရက်အကြာမှာ သွေးနည်းနည်းပဲဆင်းပါတယ်။ အဲတာ ကျွန်မကိုယ်ဝန်ရှိနေတာ ဖြစ်နိုင်ပါသလားရှင့်။ သေချာတာတော့ ကျွန်မမဆက်ဆံခဲ့ပါဖူးဆရာ။ ပြီးတော့ vagina ထဲမှာ သုက်မလွှတ်ရင် ကိုယ်ဝန်မရနိုင်ဖူးလို့ကြားဖူးပါတယ်။ 
အဖြေ။ ရာသီလာရင် ကိုယ်ဝန်တေ့ ရှိခဲ့အုံးတော့ မရှိတော့ပါ။ ပြေတဲ့အတိုင်းဆိုရင်လဲ ကိုယ်ဝန် မရလောက်ပါ။ အတိအကျသိချင်ရန် ကိုယ်ဝန်ရှိ-မရှိ ဆီး စစ်နိုင်ပါတယ်။ ရှိတယ်၊ ရှိခဲ့တယ်ဆိုရင် အပေါင်းပြ ပါလိမ့်မယ်။ နောင်မှ အကာအကွယ်၊ တင်ခြင်မှု သတိပြုပါ။ နည်းတွေ ရေးထးတာကို ဖတ်ချင်ရင် ဖတ်နိုင်၊ လိုက်နာနိုင်ပါတယ်။ 
မေးခွန်း။ မရှင်းလင်းတာတွေကို ဆရာ့ဆီမေးပါရစေ
၁။ Penorit အကြောင်း ကို Blog မှာမဖတ်လိုက်ရလို့ပါ။ ဖတ်လို့မရပါ။ ဆေးဟာ ကလေးကို ထိခိုက်စေပါသလား။ Abortion ဖြစ်စေတယ်ဆိုတာဟုတ်ပါသလား။ ဆေးဆိုင်မှာ ဆရာဝန်ထောက်ခံချက် မပါပဲ ရောင်းသင့်ပါသလား။ ယောကျားတွေ သောက်ရင်ရော ဘာဖြစ်တတ်ပါသလဲ။ ကိုယ်ဝန်မစစ်ဘဲ သောက် မိပြီးမှ ကိုယ်ဝန် ရှိနေတယ်ဆိုရင် အမေနဲ့ကလေး ဘယ်သူထိခိုက်မှာလဲ။ နောက်တစ်ခါ ကိုယ်ဝန် ရမယ့် အခွင့်အရေးကို ဟန့်တားမလား
၂။ ၁ လစာ နေ့တိုင်းသောက်ရတဲ့တားဆေးတွေဟာ ကိုယ်ဝန်ဆောင်တွေ သောက်မိရင် ဘာဖြစ်တတ်ပါ သလဲ။ ကလေးတွေ သောက်မိရင်ဘာဖြစ်တတ်ပါသလဲ။ 
အဖြေ။ Penorit ဆေးဆိုတာဘာလဲ 
မေးခွန်း။ မိန်းခလေး အင်္ဂါ နုတ်ခမ်း မဲပြီး ရှည်နေတာဟာ ဆက်ဆံတဲ့ အကြိမ်အရေအတွက် များတာနဲ့ ဆိုင်ပါသလား။ သာမာန်မဟုတ်ပဲ မဲပြီး ရှည်ထွက်နေတာဟာ အကြိမ်ရေများလို့ပါလား.မျိုးရိုးကြောင့်ပါလား ခင်မျာ။ မဆက်ဆံဖူးပေမယ့်လဲ အဲလို ဖြစ်တက်ပါလား ခင်မျာ။ ကျွန်တော် တကယ်မသိလို့ မေးမိတာပါခင်မျာ။ ကျေးဇူးပြုပြီး ဖြေကြားပေးစေချင်ပါတယ်။ 
အဖြေ။ မဆိုင်ပါ။ ပင်ကိုယ်အရ အရောင်၊ အရွယ်အစား၊ အသေးအကြီး မတူကြပါ။ ဆက်ဆံမှုနဲ့ မဆိုင်ဘူးလို့ ပြောနိုင်ပါတယ်။ တချို့မှာ ခွဲစိတ်ပြုပြင်ရတဲ့အထိ သူများထက်ပိုရှည်နေတာလဲရှိတယ်။ 
မေးခွန်း။ ကျနော်သားလေးက ခု ၂ လ မပြည့်သေးပါဘူး။ ဆီးသွားတဲ့အခါ တခါတခါမှာ အော်ငိုနေလို့ အစက တော့ ဆီးပူလို့ လို့ ထင်နေတာပါ။ နောက်မှ ကျနော်အမေက ကလေး အူကျနေတယ်ထင်တယ်လို့ ပြောပါတယ်။ နောက်မှ သေချာကြည့်တော့ ကလေးက ကပ်ပယ်အိပ်မှာ ဥကလေး ၃ လုံးဖြစ်နေပါတယ်။ ၃ လုံး ဖိုခနောက်ဆိုင်လေးပါ။ တြိဂံပုံလေး။ တခါတရံ ညာဘက်ကို ရောက်တတ်ပါတယ်။ ခုတော့ ရန်ကင်းကလေးဆေးရုံမှာ ပြနေပါတယ်။ ဆရာဝန်တွေက ဘာမှ မပြောပဲ ဆေးပဲ ပေးပါတယ်။ ခွဲစိတ်ဌာနမှာ  ပြနေရတာပါ။ ဘာဖြစ်တတ်လဲ။ ဘယ်လိုလုပ်ရမလဲ မသိဖြစ်နေပါတယ်။ 
အဖြေ။ မပူပါနဲ့။ ၂ လသားမှာ ခွဲစိတ်ရတာမျိုး ဖြစ်ခဲပါတယ်။ အူကျတာဆိုရင် ကလေးငိုချိန်မှာ ဖေါင်းလာပြီး အိပ်ပျော်ရေင် အကောင်းပကတိဖြစ်ပါတယ်။ ဆီးထွက်ပေါက်အဝ ပိတ်နေသလား ကြည့်ပါ။ ဆီးသွားရင်ငိုနိုင်တယ်။ တခြားဟာဆိုရင် ဖြစ်အုံးထော့ ခွဲစရာမလိုသေးတာဖြစ်နိုင်ပါတယ်။ လိုသေးရင် မေးပါ။ လိုမယ်ထင်ရင် ဓါတ်ပုံရိုက်ပို့ပါ။ 
မေးခွန်း။ ကိုယ်အလေးချိန်လျော့ချင်ပါတယ်။ ဘယ်လိုလျော့မှခဏနဲ့သိသိသာသာကျနိုင်ပါသလဲ။ ဆေးသောက်ပြီဝိတ်လျော့တာကောင်းပါသလား။ အန္တရယ်ရှိပါသလား။ 
အဖြေ။ Weight loss ပိန်ချင်သလား 
မေးခွန်း။ တလောတုန်းက Facebook မှာ တစ်ခု ဖတ်လိုက်ရပါတယ်။ oral sex လုပ်တာ လည်ချောင်း ကင်ဆာ ဖြစ်စေတယ် ဆိုပြီး တက္ကသိုလ်တစ်ခု က သုတေသနလုပ် ပြီး သိရတယ် ဆိုပြီး ဖတ်လိုက်ရပါတယ်။ oral sex နဲ့ လည်ချောင်းကင်ဆာနဲ့ ဆက်စပ်မှု ရှိမရှိ သိလိုပါတယ်ခင်ဗျား။ 
အဖြေ။ Oral practice ဆက်ဆံရာတွင် ပါးစပ်ကို အသုံးပြုခြင်း 
မေးခွန်း။ ကျွန်မ လက်ဖြံနဲ့လက်မောင်းမှာ အဖြူစက် သေးသေးဝိုင်းဝိုင်းလေးဖြစ် ၂ ခု ၃ ခုဖြစ်နေပါတယ်။ ပုံတွဲပို့လိုက်ပါတယ်။ ပုံရဲ့အလယ်လောက်မှာပါ။ ယားလဲမယားနာလဲမနာပါ။ ကုတ်လိုက်ရင် အရေခွန်လံ သွားပြီး အဖြူစက်လေးကြန်ခဲ့ပါတယ်။ ဘာအရေပြားရောဂါလဲ ဘယ်လိုကုရမလဲသိခြင်ပါတယ်။ စိတ်ပူးပါ သဖြင့် အမြန်အကြောင်း ပြန်ပေးစေခြင်ပါတယ်။ 
အဖြေ။ တိတိကျကျပြောဘို့ခက်သေးတယ်။ ဆိုးတာတော့ မဟုတ်နိုင်ပါ။ အရေပြားဂရုစိုက်တာကို ပိုလုပ်ပေးပါ။ သနပ်ခါးလိမ်းနိုင်တယ်။ Calamine လိမ်းနိုင်တယ်။ Shin lotion လိမ်းနိုင်တယ်။ ထူးခြားတာရှိ လာရင် ထပ်ပြောပါ။ 
မေးခွန်း။ ကျွန်မ ကောင်လေးမှာလဲ အဲ့ဒီလိုအဖြူ စက်လေးများ လက်နဲ့ ခြေသလုံးမှာ အနည်းငယ်ရှိပါတယ်။ သူ့ဆီကတဆင့် ကူးတာလား သိခြင်ပါတယ်။ လိမ်ရောဂါဖြစ်မှာဆိုးလို့ပါ။ 
အဖြေ။ ကူးနိုင်-မကူးနိုင်ဆိုတာ ရောဂါနာမည်တိတိကျကျ မသိသေးဘဲ ပြောမရပါ။ ရေယုံ၊ ပွေး၊ ယားနာ မဟုတ်ရင်တော့ မကူးတာကများပါတယ်။ အရေပြားမှာ အဲလိုဖြစ်တာက STD လိင်ကတဆင့်ကူးစက်ရောဂါ မဟုတ်ဘို့များပါတယ်။ 
ဒေါက်တာတင့်ဆွေ
By HIM
Thursday, September 10, 2015
အရေးကြီးသော ခေါင်းဆောင်မှုအရည်အသွေး(၅)ခု
အရေးကြီးသော ခေါင်းဆောင်မှုအရည်အသွေး(၅)ခု
အောင်မြင်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ မှန်ကန်သင့်တော်သောကျွမ်းကျင်မှုများရှိဖို့ အရေးကြီးပါတယ်။
သင့်ရဲ့ခေါင်းဆောင်မှုအရည်အသွေးများ တိုးတက်ဖို့အတွက် ခေါင်းဆောင်မှုအရည်အသွေးသင်တန်းကျောင်းများတက်ခြင်း
ဖြင့်ကြိုးစားလို့ရပါတယ်။ ဒါမှမဟုတ် ကျွန်တော်အောက်မှာရေးပေးမယ့်အကြံပြုချက်များကို ကျင့်သုံးခြင်းအားဖြင့်လည်း
သင့်ရဲ့ခေါင်းဆောင်မှုအရည်သွေးကို တိုးတက်အောင်ကြိုးစားလို့ရပါတယ်။
ယနေ့ခေတ်မှာ အဖွဲ့အစည်းတော်တော်များများကဆက်ဆံပြောဆိုမှုကျွမ်းကျင်သော၊သူတစ်ပါးစိတ်အားတက်ကြွအောင်ပြော
နိုင်သော၊အောင်မြင်သောနည်းဗျူဟာများကို သိသော၊ ခေါင်းဆောင်စိတ်ဓာတ်ရှိသောသူများကို ၀န်ထမ်းအဖြစ်ငှားရမ်းဖို့
အဓိကရှာဖွေနေကြပါပြီ။
(၁) သည်းခံနားလည်စွာဖြေရှင်းတတ်ခြင်း
သည်းခံနားလည်မှုကြီးမားသောသူများဟာ သူတို့၏ခံစားချက်များကိုသာမက သူတစ်ပါး၏ခံစားချက်များကိုနားလည်လွယ်ပြီး
ပြသနာများကို ပါးပါးနပ်နပ် ဖြေရှင်းတတ်ကြပါတယ်။ သည်းခံနားလည်မှုကြီးမားသောသူများဟာ ခေါင်းဆောင်ကောင်းဖြစ်ဖို့
လိုအပ်တဲ့ကျွမ်းကျင်မှုများဖြစ်သည့် ဆက်ဆံရေးကောင်းမွန်ခြင်းနှင့် စိတ်ဖိစီးမှုကိုထိန်းချုပ်နိုင်ခြင်းများကိုလည်းပိုင်ဆိုင်ကြ
ပါတယ်။ အချို့သောသူများသာလျှင် သဘာဝမြင့်မားသောသည်းခံနားလည်မှုရှိပေမယ့် သည်းခံနားလည်နိုင်မှုတိုးတက်နိုင်မည့်
နည်းလမ်းများအမြဲရှိပါတယ်။ ခေါင်းဆောင်မှု အရည်အသွေးတိုးတက်ရေးသင်တန်းများက လူတွေရဲ့သည်းခံနားလည်မှုကို
မြှင့်တင်ဖို့နှင့်လူမှုဆက်ဆံရေးတိုးတက်ရန် အမြဲအာရုံစိုက်သင်ကြားလေ့ရှိပါတယ်။
(၂)နည်းဗျူဟာကျသော အတွေးအခေါ်ရှိခြင်း
အခြေအနေကိုအကဲခတ်ခြင်း၊ ဖြေရှင်းနည်းလမ်းအမျိုးမျိုးရှာခြင်း၊ အဓိကပြသနာကို ရှာဖွေနိုင်ခြင်းများက နည်းဗျူဟာကျသော
အတွေးအခေါ်ပိုင်ရှင်များရဲ့ အရည်အချင်းများ ဖြစ်ပါတယ်။အခြေအနေတစ်ခုလုံးကိုခြုံငုံမြင်နိုင်ခြင်းကလည်း ခေါင်းဆောင်များ
အတွက် အရေးကြီးပါတယ်။ ထိုကြောင့် ခေါင်းဆောင်မှုအရည်အသွေးတိုးတက်ရေးသင်တန်းများကသင်တန်းသားများကို နည်းဗျူဟာတကျတွေးခေါ်နိုင်အောင်သင်ကြားပေးခြင်းဖြစ်ပါတယ်။ ထိုကျွမ်းကျင်မှုများက ၀န်းထမ်းများ၏ပြသနာများကိုဖြေ
ရှင်းရာတွင် အလွန်ပဲ အသုံးဝင်လှပါတယ်။
(၃)နည်းဗျူဟာများကို အကောင်အထည်ဖော်နိုင်ခြင်း
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာရန်နည်းဗျူးဟာအသစ်များကို အကောင်အထည်ဖော်နိုင်ရပါမယ်။လတ်တလော
အသုံးပြုနေသောနည်းစနစ်ကိုပြောင်းလဲပြီး အသုံးပြုရန်ဆိုသည်မှာ လက်တွေ့မှာထင်သလောက်မလွယ်ကူပါဘူး။
-ခေါင်းဆောင်ကောင်းတစ်ယောက်အနေဖြင့် မိမိလက်အောက်ငယ်သားများကို စိတ်အားတက်အောင်ပြောနိုင်ရပါမည်။
မိမိချမှတ်သော နည်းဗျူဟာများကို လက်ခံယုံကြည်လာအောင်ပြောဆိုနိုင်ရပါမည်။ ထို့ကြောင့် ခေါင်းဆောင်မှု
အရည်အသွေးတိုးတက်မှုသင်တန်းများက အပြောင်းအလဲများကို အောင်မြင်အောင်လုပ်ဆောင်နိုင်မည့် နည်းလမ်း
အမျိုးမျိုးနှင့်ဗဟုသုတများကိုသင်ကြားရခြင်းဖြစ်ပါသည်။
(၄) လူမှုဆက်ဆံရေးကောင်းမွန်ခြင်း
ခေါင်းဆောင်ကောင်းများအတွက်အရေးအကြီးဆုံးကျွမ်းကျင်မှုများထဲကတစ်ခုကတော့ လူမှုဆက်ဆံရေး ကောင်းမွန်ခြင်းဖြစ်
ပါတယ်။ မန်နေဂျာများနှင့်ခေါင်းဆောင်များ အနေဖြင့် ကောင်းမွန်စွာလက်ခံနားထောင်ပေးခြင်း၊ ကောင်းမွန်စွာစာဖြင့် ဆက်သွယ်ခြင်း၊ ကောင်းမွန်စွာနှုတ်ဖြင့်ဆက်သွယ်ခြင်း၊စသည့်ကျွမ်းကျင်မှုများ ပိုင်ဆိုင်သင့်ပါတယ်။
ဆက်ဆံရေးကောင်းမွန်ခြင်းကို အလုပ်ရှင်အများစုသဘောကျလေ့ရှိပြီး အလုပ်အကိုင်ရှာဖွေရာတွင် အသုံးဝင်ပါတယ်။
ဆက်ဆံရေးကောင်းမွန်ခြင်း ကိုခေါင်းဆောင်မှုအရည်အချင်းတိုးတက်မှုသင်တန်းများမှာတိုးတက်အောင် ကြိုးစားနိုင်ပါတယ်။
(၅) တီထွင်ကြံဆမှုရှိခြင်း
အလုပ်အကိုင်လုပ်ငန်းကြီးများသည် ပြသနာပေါင်းများစွာနှင့်နေ့တိုင်း ရင်ဆိုင်ဖြေရှင်း နေရသောကြောင့် အလုပ်ရှင်များက တီထွင်ကြံဆနိုင်မှုရှိသော၊အမျိုးမျိုးသောပြသနာများကို နည်းလမ်းအသစ်များဖြင့်ဖြေရှင်းနိုင်သော ၀န်ထမ်းများကိုအလိုရှိကြ
ပါတယ်။ကျိုးကြောင်းဆီလျော်စွာစဉ်းစားတတ်ခြင်း၊တီထွင်ကြံဆမှုရှိခြင်းတို့က၀န်ထမ်းများကိုအလုပ်မှာအောင်မြင်မှုရရှိစေ
ပါတယ်။ခေါင်းဆောင်မှုအရည်အသွေးတိုးတက်ရေးသင်တန်းများကတီထွင်ကြံဆမှုအတွေးအခေါ်တွေနဲ့အခက်အခဲတွေကို
ကျော်လွားနိုင် အောင်သင်ကြားပေးပါတယ်။
ခေါင်းဆောင်မှုအရည်အသွေးပြည့်ဝပြီး မြန်မာနိုင်ငံအတွက်တန်ဖိုးရှိသောခေါင်းဆောင်များဖြစ်ကြပါစေ။
မိုးရှင်း (I.M.T)
အင်တာနက်ကိုအကျိုးရှိစွာ အသုံးပြုနည်း
အင်တာနက်ကိုအကျိုးရှိစွာ အသုံးပြုနည်း
မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူအများစုကတော့ Viberနဲ့ Facebookကိုအဓိကအသုံးပြုကြတာကိုတွေ့ရှိရပါတယ်။
ဒုတိယအသုံးများဆုံးကတော့downloadဆွဲဖို့ပဲအသုံးပြုကြတာကို တွေ့ရှိရပါတယ်။လူနည်းနည်းသာအင်တာနက်ကို
အကျိုးရှိစွာ အသုံးပြုတတ်ပါသေးတယ်။ တစ်ချို့က အင်တာနက်ဆိုတာကို Viberနဲ့Facebookသုံးတာလို့ပဲလို့တောင်
ထင်နေကြပါတယ်။ တကယ်တော့ အင်တာနက်ဆိုတာ အရမ်းကိုတန်ဖိုးကြီးမားတဲ့ စာကြည့်တိုက်ကြီးပါ။ သင်မသိတဲ့
အရာတော်တော်များများကို အင်တာနက်မှာရှာဖွေဖတ်ရှုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ connectionမှမကောင်းတာ Facebook နဲ့ Viberတောင်မနည်းသုံးနေရတာ အခြားဟာတွေ ဘယ်လိုလုပ်
သုံးနိုင်မှာလဲ ဆိုပြီးတော့ဆင်ခြေပေးကောင်းပေးနိုင်ပေမယ့် ကျွန်တော်လဲမြန်မာနိုင်ငံသား တစ်ယောက်ပါပဲ။ သင့်ရဲ့
တိုးတက်ချင်တဲ့ စိတ်အားထက်သန်မှု ပေါ်ပဲမူတည်ပါတယ်။ Facebookနဲ့viber မသုံးနဲ့လို့ဆိုလိုချင်တာမဟုတ်ပါဘူး။
အဲဒါတွေလည်းသုံး ကိုယ့်အတွက်အသုံးဝင်မယ့်ဟာတွေလဲသုံးဖို့ အကြံပေးချင်တာပါ။
Google ကိုကောင်းကောင်းအသုံးပြုတတ်အောင် ကြိုးစားပါ။
တကယ်တော့ googleဆိုတာ ရတနာသိုက်ကြီးပါပဲ။ အသုံးပြုတတ်ဖို့ပဲလိုတာပါ။ ဥပမာ သင်မနက်ဖြန်မှာ အင်တာဗျူးဖြေ
ဖို့ရှိတယ်ဆိုပါစို့။
How to sit for an interview သို့မဟုတ် Dos and don’ts for an interview လို့ Google search box ထဲမှာရိုက်ကြည့်လိုက်ပါ။ အကယ်၍သင်က English စာလေ့လာနေသူဆိုရင် google search box ထဲမှာ
“English learning websites” လို့ရိုက်ပြီး ရှာကြည့်လိုက်ပါ။ အသုံးဝင်တဲ့ ၀က်ဘ်ဆိုဒ်တွေအများကြီးကျလာပါလိမ့်မယ်။
သင့်အတွက် အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ အများကြီးကျလာပါလိမ့်မယ်။ ဒါပေမဲ့ Basic English reading skill လေးတော့လိုပါတယ်။ဒါပေမဲ့ အရမ်းတော့လည်းမခက်ခဲပါဘူး။ ဒါမှမဟုတ် တကယ်လို့သင်က Englishလိုမဖတ်ချင်
ရင်လည်း “ အင်တာဗျူး”လို့မြန်မာလိုရိုက်ထည့်လိုက်ပါ။ မြန်မာလိုရေးထားတဲ့ ဆောင်းပါးတွေအများကြီးကျလာပါလိမ့်မယ်။
ဥပမာ hacking အကြောင်းသိချင်တယ် ဆိုပါစို့။ မြန်မာလိုပဲဖတ်ချင်ရင်တော့ “Hacking ကို” သို့မဟုတ် “Hacking
အကြောင်း” ဆိုပြီး မြန်မာလိုလေး တွဲရိုက်ပြီး google search box ထဲမှာ ရိုက်ထည့်ပြီးရှာလို့လည်းရပါတယ်။
သင်ကရေမကူးတတ်ဖူးဆိုပါစို့။ How to swim ဆိုပြီး ရိုက်ပြီးတစ်ခါလောက်ရှာကြည့်လိုက်ပါ။ သင်က ဓာတ်ပုံရိုက်ရတာ
ဝါသနာပါတယ်ဆိုပါစို့။ “How to take a good picture” လို့ရိုက်ပြီးရှာကြည့်လိုက်ပါ။ သင်ဘာပဲလိုလို google search
box ထဲမှာ တတ်သလောက်မှတ်သလောက် ရိုက်ထည့်ပြီးရှာကြည့်လိုက်ပါ။ သင်ရိုက်တာမမှန်ရင်လည်း googleက
အနီးစပ်ဆုံးပြန်ပြင်ပေးပါတယ်။ သင်က Facebookလောက်သာကြည့်လို့ရတဲ့ connectionရတယ်ဆိုရင်လည်းမပူပါနဲ့။
Facebook ပေါ်မှာလည်း ဖတ်လို့ရတာတွေအများကြီးပါပဲ။ Facebook ရဲ့ Search box ထဲမှာရှာဖွေလို့ရပါတယ်။
ဥပမာသင်က စပိန်စာလေ့လာနေတယ်ဆိုပါစို့။ Facebook Search boxထဲမှာ “Learn Spanish” လို့ရိုက်ကြည့်
လိုက်ပါ။စပိန်စာသင်တဲ့ Pageတွေအများကြီး ကျလာပါလိမ့်မယ်။ အင်တာနက်ဖွင့်ထားတုန်းလေ့လာရင် ပိုက်ဆံကုန်တယ်
ထင်ရင် Screenshot လုပ်ထားပြီး offline လေ့လာလို့ရပါတယ်။ download လုပ်လို့ရတာတွေဆိုရင် download
လုပ်ထားပြီး offline ပြန်လေ့လာလို့ရပါတယ်။
Youtube ကိုအသုံးပြုပါ။
အသင့်အတင့် connectionကောင်းတယ်ဆိုရင် Youtubeကိုလည်းသုံးကြည့်ပါ။ Youtube ကို MTVရှာရုံပဲမသုံးပါနဲ့။ Youtube ရဲ့ search box ထဲမှာ အကုန်ရှာဖွေလို့ရပါတယ်။ ဥပမာသင်က မနက်ဖြန် presentationလုပ်ဖို့ရှိတယ်ဆိုပါစို့။
“how to make a presentation” ဆိုပြီး youtube search boxထဲမှာရှာကြည့်ပါ။အင်တာနက်ကိုကောင်းကောင်း
အသုံးပြုတတ်ဖို့ဆိုတာ နိုင်ငံခြားကျောင်းသွားတက်ချင်တဲ့ သူတွေအတွက်လည်း အရမ်းကိုလိုအပ်ပါတယ်။
နိုင်ငံခြားကျောင်းတွေမှာကကျောင်းသားတွေကို အကြောင်းအရာတစ်ခုခုခေါင်းစဉ်ပဲပေးပြီး အဲဒိခေါင်းစဉ်နဲ့ပက်သက်တဲ့ အကြောင်းအရာတွေကို ကျောင်းသားကိုယ်တိုင်က ရှာဖွေဖတ်ရှုရတာပါ။ အဲဒိအခါမှာ အင်တာနက်ကို ကျွမ်းကျွမ်းကျင်ကျင်
အသုံးပြုတတ်ဖို့လိုပါတယ်။
Work.com.mm ကိုအသုံးပြုပါ။
နောက်ပြီးသင်အလုပ်ရှာနေတယ်ဆိုရင်လည်း အပြင်မှာ companyတွေတစ်ခုပြီးတစ်ခုနေပူထဲမှာသွားလျှောက်
ရတဲ့ခေတ်ကကုန်သွားပါပြီ။ ကျွန်တော်တို့ရဲ့
Work.com.mm မှာ အကောင့်ဖွင့်ကာသင့်CVလေးကိုဖြည့်ပြီးရင် Apply
တစ်ချက်နှိပ်တာနဲ့ သင်အလုပ်ရနိုင်ပါပြီ။ကျွန်တော်တို့ websiteကို အသုံးပြုရာမှာလည်း အခက်အခဲရှိတယ်
ဆိုရင် ကျွန်တော်တို့ customer serviceကကူညီဖို့အသင့်ပါပဲ။ ၀၁၅၁၂၅၆၃ သို့မဟုတ် ၀၁၁၂၂၃၃၀၉
ကိုသာဖုန်းဆက်လိုက်ပါ။ အခြားအင်တာနက်နဲ့ပက်သက်ပြီး လုပ်လို့ရတာတွေအများကြီးရှိပေမယ့် အဓိက
အသုံးသင့်တတ်ဆုံး Google, Facebook, Youtube Searching နဲ့ အလုပ်ရှာခြင်း အကြောင်းပဲပြော
ခဲ့တာပါ။
အင်တာနက်ကို အကျိုးရှိစွာအသုံးပြုတတ်ကြပါစေ။
မိုးရှင်း(I.M.T)