Thursday, September 10, 2015

စာ၇င်းရှင်းတမ်းများ

စာ၇င်းရှင်းတမ်းများ
လုပ်ငန်းတစ်ခု၏ ဘဏ္ဍာရေး အကြောင်းအချက်များ ဖော်ပြသော အဓိက ရှင်းတမ်းနှစ်ခုမှာ
  1. လက်ကျန်ရှင်းတမ်း (Balance Sheet)
  2. အရှုံးအမြတ်ရှင်းတမ်း ( Profit & Loss Statement) များဖြစ်သည်။  
   လက်ကျန်ရှင်းတမ်း သည် နေ့ရက်တစ်ခုတွင် လုပ်ငန်း၏ ရပိုင်ခွင့်များနှင့် တကွ ၄င်းရပိုင်ခွင့်များအပေါ် မြီရှင်များ(Creditors)၏တောင်းခံနိုင်သော အခွင့်အရေးနှင့် လုပ်ငန်းပိုင်ဆိုင်ခွင့်များကို ဖော်ပြပါသည်။ ၄င်းရှင်းတမ်းသည် ဖော်ပြခဲ့ပြီးသော(အခြေခံ(၂))  ရပိုင်ခွင့် = ပိုင်ဆိုင်ခွင့်+ပေးရန်တာဝန်   ဟူသောညီမျှခြင်းကို အကျယ်ချဲ့ထွင်ရေးမှတ်ခြင်းပင် ဖြစ်သည်။
    လက်ကျန်ရှင်းတမ်းတစ်ခုကို ရေးဆွဲသောအခါ စာရင်းအင်းပညာ သဘောအရ ညီမျှခြင်းလက္ခဏာကို ချန်လှပ်၍ ဒေါင်လိုက် နှစ်ထပ်မျဉ်းသားထားသော စာမျက်နှာ၏ တဖက်တွင် ရပိုင်ခွင့်များ(Assets)ကို ဖော်ပြီး ပေးရန်တာဝန် (Liabilities)များနှင့် ရင်းနှီးငွေ(Capital) တို့ကို အခြားတဖက်တွင်ဖော်ပြရပါသည်။
      အရှုံးအမြတ်ရှင်းတမ်းသည် လုပ်ငန်း၏ လုပ်ဆောင်မှုကြောင့် ရင်းနှီးငွေ အပေါ်မည်သို့အကျိုးသက်ရောက်ပုံကို ထုတ်ဖော်ပြသသည့်စာရင်းရှင်းတမ်းတစ်ခုဖြစ်သည်။ ထိုရှင်းတမ်းသည် အချိန်ကာလတစ်ခု၏ လုပ်ဆောင်မှုအသေးစိတ်များကို အကျဉ်းချုပ်အားဖြင့် ၄င်းကာလ**င် ရင်းနှီးငွေတိုးပွားလာသည်၊လျော့နည်းသွားသည် ဟူသောအချက်ကို ပြသည်။
အခြားတဖက်အားဖြင့်ဆိုသော် အရှုံးအမြတ်ရှင်းတမ်းသည် အချိန်ကာလတစ်ခုအတွင်း ရရှိသောဝင်ငွေနှင့် ကုန်ကျစရိတ်တို့ကို နှိုင်းယှဉ်၍ လုပ်ငန်း၏ အရှုံးအမြတ်ကို ဖော်ပြသည်။ လုပ်ငန်း၏ အရှုံးအမြတ်ကို အရှုံးအမြတ်ရှင်းတမ်း ဖြင့်ဖြစ်စေ၊ အရှုံးအမြတ်စာရင်း  (Profit & Loss Account) ပုံစံဖြင့်ဖြစ်စေ ဖော်ပြနိုင်သည်။

ရပိုင်ခွင့်များ၊ ရင်းနှီးငွေ နှင့် ပေးရန်တာဝန်

ရပိုင်ခွင့်များ၊ ရင်းနှီးငွေ နှင့် ပေးရန်တာဝန်

(Assets,Capital , Liabilities)



စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်တည်ဆောက်ရာမှာ ထိုလုပ်ငန်းအတွက် ငွေ ရင်းနှီးမြှုပ်နှံရန်လိုအပ်သည်။ ထိုငွေဖြင့်လုပ်ငန်း တွင် အသုံးပြုရန်လိုသော ပစ္စည်းများ ၀ယ်ယူရမည်။

ထိုသို့ဝယ်ယူသော ပစ္စည်းများ မှာ အဆောက်အဦး ပရိဘောဂ၊ တပ်ဆင်ပစ္စည်းများနှင့် ရောင်းရန်ကုန် ပစ္စည်းများ စသည်တို့ဖြစ်သည်။ လက်ရှိငွေ (Cash in Hand)၊ လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုသောပစ္စည်းများကို ရပိုင်ခွင့်များ(Assets)၊ဟုခေါ်သည်။ လုပ်ငန်းတွင် မြှုပ်နှံထားသော ငွေရင်းကို ရင်းနှီးငွေ (Capital) ဟုခေါ်သည်။

လုပ်ငန်းသည် အခြားသူ ထံမှ ငွေချေးခြင်း ၊ ပစ္စည်းအကြွေးဝယ်ခြင်း ပြုခဲ့ လျှင် ၄င်းငွေချေးသူ နှင့်ကုန်ကြွေး ပေးသူတို့ကို လုပ်ငန်း၏ မြီရှင် (Creditor) ဟုခေါ်သည်။ လုပ်ငန်းသည် ထို (Creditor)အား ပေးရန်ရှိသော အကြွေးကို မပေးဆပ် လျှင် Creditor များသည် လုပ်ငန်း၏ ဥစ္စာပစ္စည်းများကို တောင်ခံ ပိုင်ခွင့် ရှိသည်။ Creditor တို့ က လုပ်ငန်း၏ ရပိုင်ခွင့်များ အပေါ်တောင်းခံနိုင်သော အခွင့်အရေးကို လုပ်ငန်း၏ ပေးရန်တာဝန်များ (Liabilities) ဟုခေါ်သည်။



- Assets မှာ Cash, Inventory, Customers Receivable , Equipment, Buildings တို့ပါဝင်ပါတယ်။

- Liabilities မှာ Debt, Amount owned to Suppliers, Prepaid Accounts/ Advances from Customers, Tax Owed, Wages Owed to Employees စတာတွေပါဝင်ပါတယ်။

- Owners' Equity မှာ Investment , Additional Paid-in Capital, Retained Earning တွေပါဝင်ပါသည်။



အထက်ဖော်ပြပါ အကြောင်းများ ကို ညီမျှခြင်းဖြင့် ဖော်ပြရလျှင်



Assets (A) = Liabilities (L) + Owner' Equity (OE)



1.စုစုပေါင်းရပိုင်ခွင့် = လုပ်ငန်းပိုင်ဆိုင်ခွင့်(သို့)ရင်းနှီးငွေ

2.ရပိုင်ခွင့် = ပိုင်ဆိုင်ခွင့် + ပေးရန်တာဝန်

စာရင်းကိုင်ပညာ၏ရည်ရွယ်ချက်


အဖွဲ့အစည်းတစ်ခုအနေဖြင့် စီးပွားရေးအဖွဲ့အစည်း၊လူမှုရေးအဖွဲ့အစည်း၊အစိုးရ ဌာန အဖွဲ့အစည်း ၊ စသည် မည်သည့်အဖွဲ့အစည်းမျိုးမဆို ၄င်းတို့၏ ငွေရေးကြေးရေး နှင့် ပတ်သတ်သော လုပ်ငန်းဆောင်ရွက်ချက်များကို စာရင်းမှတ်တမ်းများတွင် ရေးသွင်းထားရှိရန်၊ ၄င်းတို့၏ ဘဏ္ဍာရေးအခြေအနေကိုအကျဉ်းချုပ်တင်ပြရန်နှင့် လုပ်ငန်းအကြောင်းအရာများကို လိုအပ်သလို အစီရင်ခံနိုင်ရန် ရည်ရွယ်သည်။


ငွေကြေးတန်ဖိုး တွက်ဆ ဖော်ပြနိုင်သည့် လုပ်ငန်းဆောင်ရွက်ခြင်းများ ကို နေ့စဉ်မှတ်တမ်းထားရှိရမည်။

၎င်းတို့မှာ လုပ်ငန်းအနေဖြင့်မည်သည့်ပစ္စည်းများဝယ်သည် ၊ မည်သည့်တို့ကို ရောင်းသည် ၊ ငွေလက်ကျန်မည်မျှရှိသည် ၊ဘယ်လောက်ထုတ်ပေးမည်၊မည်သည့်အသုံးစရိတ်အတွက် ငွေ မည်မျှကုန်ကျမည် စသဖြင့်ဖော်ပြပါရှိသည်။ လုပ်ကိုင်ဆောင်ရွက်ချက်များ ၏ နေ့စဉ်မှတ်တမ်းများကို ထားရှိရခြင်းနှင့် ၄င်းတို့ကို အချိန်ကာလအလိုက်၊ အကျဉ်းချုပ်ပြုလုပ်ရခြင်းတို့ ကို ပြုလုပ်ပေးရသည်။ 

အထက်ပါမှတ်တမ်းများ ထားရှိပြီး အကျဉ်းချုပ်ဖော်ပြ ရခြင်း၏ ရည်ရွယ်ချက်မှာ -

1. လုပ်ငန်း၏ အခြေအနေကို မျက်ခြေမပြတ်ရန် နှင့် ပိုင်ဆိုင်သော ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ဖြစ်သည်။ (ပိုင်ဆိုင်သော ပစ္စည်းများ မှာ အဆောက်အဦး၊ ပရိဘောဂများ၊ ကုန်ပစ္စည်းများ၊ ငွေကြေး စသည်တို့ဖြစ်သည်။)

2. လုပ်ငန်းနှင့် အခြား ပုဂ္ဂိုလ်များ၏ ငွေကြေးဆက်သွယ်မှုတို့ကို အစဉ်သိရှိနိုင်ရန်ဖြစ်သည်။ (ထိုသို့သိရှိရန်အတွက် လုပ်ငန်း၏ ပေးရန်အကြွေး မည်မျှရှိသည်၊ မည်သည့်နေ့ရက်တွင်ပြန်ဆပ်ရမည် စသည်ကိုမှတ်တမ်းများ ထားရှိရန်လိုအပ်သည်။ ၄င်းအပြင် အခြားလူများက လုပ်ငန်းအား ပေးရန် မည်မျှရှိသည်ကိုလည်း မှတ်တမ်းထားရှိရမည်။)

3. လုပ်ငန်း ၏ ၀င်ငွေ နှင့် ကုန်ကျစရိတ်များကို ချိန်ဆတွက်ချက် နိုင်ရန်ဖြစ်သည်

4. လုပ်ငန်း ၏ ဘဏ္ဍာရေးအခြေအနေကို အချိန်မရွေးသိရှိနိုင်ရန် တို့ဖြစ်သည်။

Sunday, September 6, 2015

သံပုရာသီး အသုံးဝင်ပုံ















*ခံတွင်း ကျန်းမာရေး*
သံပုရာသီးဟာ သွားကို ဖြူစေ ပါတယ်။ သံပုရာသီး အခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေ ရုံတင် မကဘူး။ တောက်ပ စေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေ ပါတယ်။
သွားကိုက် နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်း ပေးပါ။

*နှုတ်ခမ်းကွဲခြင်း*
မျက်နှာ လိမ်းခရင်မ် တစ်ဇွန်း (လက်ဖက်ရည် သောက်ဇွန်း)နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါ လိမ့်မယ်။

*ဆံပင်ကျွတ်ခြင်း*
အုန်းရည် လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။

*ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်*
ကြက်ဥ အကာရည်နှင့် သံပရာရည် (သံပုရာသီး တစ်လုံးစာ) တို့ရောပြီး ဆံနွယ် အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီး ဆေးကြောပေးပါ။ တစ်လလောက် လုပ်ပေး ရုံနဲ့တင် ဦးရေပြား သန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင် သွားပါ လိမ့်မယ်။

*အသားအရေခြောက်သွေ့ခြင်းအတွက်*
ငှက်ပျောသီးမှည့် တစ်လုံးကို ယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာရည် တစ်စက် နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီး တို့ကို ရောစပ်ပေးပါ။ ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။

နောက်တစ်နည်း ကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း)ကို ဟင်းသီးဟင်းရွက် ဆီနဲ့ ရောပေးပါ။ ပြီးရင် သံပုရာရည် တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊ တံတောင်ဆစ် တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့ နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြား အလှအပ အတွက် အကောင်းဆုံး ပေးစွမ်း စေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဝက်ခြံနဲ့ ယားနာတွေကို ပျောက်ကင်း စေတဲ့ သတ္တိ ရှိပါတယ်။ မှဲ့ခြောက် တွေကိုလည်း ပျောက်ကင်း စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

*အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက်*
သံပုရာရည် နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက် ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကို ချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ ပြန်ဆေးကြော ပေးပါ။

*တံတောင်ဆစ်မည်းခြင်းအတွက်*
သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ

တွေဟာ မှောင်မှောင် မှိုင်းမှိုင်းနဲ့ ခြောက်ခြောက် သွေ့သွေ့ ဖြစ်နေ တတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင် ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်း ထန်းနဲ့ မအိပ်ချင်ဘူး ဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည် တစ်ခွက် တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့စိမ်ချိုးပေးပါ။

*လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်*
သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကို စိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်း တွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။ ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ် ဆိုရင်လည်း ပိုပြီး တောက်ပြောင် လာပါ လိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက် ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြော ပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင် စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်း ပါတယ်။

*ခြေထောက်*
သံပုရာရည် တစ်ခွက်စာ (ကော်ဖီခွက် တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင် ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ)တို့ ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူး ဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြု နိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ် ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။ တစ်ပတ်လောက် လုပ်ကြည့် လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာ ချောမွေ့ လာပါ လိမ့်မယ်။

*နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး*
ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီလို ဥတုမျိုးမှာ ချွေးထွက် သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူ သက်သာအောင် လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည် တစ်ဇွန်းနဲ့ ရောပြီး သောက်ပေးပါ။ သွေးလေ လည်ပတ်မှုကို ကောင်းမွန် စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက်သာ စေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့ သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင် ပေးပါတယ်။

၁။သံပုရာရည်ကို သောက်ခြင်း အားဖြင့် မောပန်း နွမ်းနယ်မှုကို ပြေစေပြီး လူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပွား တတ်သော အထူးသဖြင့် ၀မ်းဗိုက်တွင် ဖြစ်ပေါ် တတ်သော ရောဂါများကို ကာကွယ် နိုင်ပါတယ်၊

၂။သံပုရာရည်ကို သကြား အနည်းငယ် ထည့်ကာ များများ သောက်ပေးပါက အစာအဆိပ် သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊ ဘိန်းမူးလွန်နာ စသည်များကို ပျောက်ကင်းစေသည်။

၃။ထမင်းစား ပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လပ်ဆတ်သော သံပုရာရည်ကို သောက်ရ ပါမည်။

၎။သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင် အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေ အားနည်းခြင်း၊ ကိုယ်လက် အဆစ် အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်း စေပါတယ်။

၅။သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တကြိမ်စီ သောက်ပေးပါက သွားမှ သွေးယို စီးခြင်းကို ပျောက်ကင်း စေသည်။

၆။သံပုရာ ဖျော်ရည်ကို နေ့စဉ် သောက်ပေးပါက အထိုင်အထ လုပ်စဉ် ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ကနဲ ဖြစ်ခြင်း များကို ပျောက်ကင်း စေသည်။

၇။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာ များ ပျောက်ကင်း စေသည်။

၈။ယားနာ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း ၊ အမွှေးများ ကျွတ်ခြင်း ဖြစ်ပါက သံပုရာခြမ်း နှင့် ပွတ် တိုက်ပေးရပါမည်။

၉။ သံပုရာသီး သနပ်ကို ထမင်းနှင့် နေ့စဉ် စားသုံးပါက သရက်ရွက် ကြီးသော ရောဂါကို ပျောက်စေသည်။

၁၀။ သံပုရာရည် နွေးနွေးကို ပျားရည်နှင့် ရောစပ်ကာ တနေ့ နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်းနာခြင်းကို ပျောက် စေသည်။

၁၁။ သံပုရာသီး တလုံးကို မီးကျွမ်းအောင် ဖုတ်ကာ လေးညှင်းတပွင့်နှင့် ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင် သိပ်ပေးသော် သွားကိုက် သွားနာ ပျောက်ကင်းစေပါသည်။

၁၂။ ဆီးဆေးဖြူ ( တိုင်းရင်း ဆေးခန်းသုံး ဆေးအမှတ် ၂၁ ) နှင့် သံပုရာရည်ကို ဖျော်၍ သောက်ပေးပါက ဆီးအောင့်ခြင်း ဝေဒနာကို ပျောက်စေသည်။

၁၃။ သံပုရာခေါက်ကို နံနက် ည တကြိမ်စီ ရေနှင့် ကြိုချက်ကာ သောက်ပေးပါက အဖျား ပျောက်ကင်း စေသည်။

၁၄။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်ခန့် ကျို၍ တခွက်စာ (၂ ကျပ်သားခန့်မျှ) တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျား ရောဂါများ ပြတ်သွား နိုင်သည်။

၁၅။ အစာမကြေ၊ လေထိုး၊ လေအောင့်၊ လေပြည့် ဖြစ်နေခဲ့သော် ဂျင်းခြောက်မှုန့် ၂ ပဲ၊ သိန္ဓော ၄ ပဲကို အမှုန့်ထောင်း၍ သံပုရာရည်နှင့် ဖျော်ကာ တနေ့ သုံးကြိမ် သောက်ပေးပါက ပျောက်ကင်း စေနိုင်သည်။

၁၆။ သံပုရာဖျော်ရည် ချိုချိုကို သောက်ပေးခြင်း၊ သံပုရာရည် နှင့် ဆားမီးဖုတ်ကို လျက်ပေးခြင်းဖြင့် နှလုံးတုန်ခြင်း၊ ရင် ခုန်ခြင်း၊ မူးဝေ မောပန်းခြင်း များကို သက်သာ ပျောက်ကင်း စေသည်။

၁၇။ မူးလျင် သံပုရာသီးကို ရှုပေးပါ၊ ရွဲ့စောင်းသော လေငန်းရောဂါများ၊ အာလေး လျှာလေး၍ စကား မပီသသော သူများ ပုံမှန် သံပုရာသီးတလုံးကို ငုံထားသင့်ပါသည်။

၁၈။ ခေါင်းတွင် ပေါက်တတ်သော ဒက်များ၊ ဘောက်များ ရှိနေပါက သံပုရာသီးအခွံနှင့် ခေါင်းကို ပွတ်တိုက် ပေးရပါမည်။ ယားယံသော နေရာများကိုလည်း ပွတ်တိုက်နိုင်ပြီး အမျိုးသမီးများ အတွက် သံပုရာသီးအခွံကို ခေါင်းလျော်ရည်တွင် ထည့် ကာ ခေါင်းလျော် နိုင်ပါသည်။

၁၉။ သံပုရာအစေ့ကို ကြိတ်ကာ ချက်မှာ အုံပြီး ၄င်းအပေါ်၌ ဆန်ဆေးရည်ကို အနည်းငယ် ဆွတ်ဖြန်း ပေးပါက ဆီးရွှင်စေပါတယ်။

၂၀။ သံပုရာချဉ် ပြုလုပ်၍ ထမင်းစားတိုင်း စားသုံးပေးပါက လေကြောင့်ဖြစ်ရသော သွက်ချာပါဒ၊ေ လငန်း၊ လေထိုး၊ လေအောင့်၊ အစာအိမ်ရောဂါ မှန်သမျှကို ကာကွယ်နိုင်သော အထူးစိတ်ချရသော အာဟာရ တစ်မျိုး ဖြစ်ပါသည်။

စာရေးသူ အထင်တော့ သံပုရာသီးဟာ ၀မ်းဗိုက်နဲ့ ပက်သက်တဲ့ ရောဂါမှန်သမျှ၊ လေနဲ့ ပက်သက်တာ မှန်သမျှကို ကာကွယ် နိုင်ပါတယ်၊ သူ့ရဲ့ ဘေးထွက် ဆိုးကျိုးကို မမြင်မိ သလိုပဲ၊ ချွင်းချက် အနေနဲ့ တနေ့ကို (၃) လုံးထက် ပိုစား မိရင်တော့ အစာအိမ် အချဉ်ပေါက်တဲ့ အနာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊

ပိန်နေသူများ ၀စေသည်
ရှေးရှေးသော ဆရာတော်ကြီးများ ကတော့ ညနေပိုင်းမှာ သံပုရာသီး(၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း (၃) ဇွန်းလောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေး အဖြူနှင့် သမအောင် မွှေကာ သကြား အနည်းငယ် ထည့်ပြီး သောက်လေ့ ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ် နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာ တော့ဘူး၊ သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ ၀မ်းတွင်း ကလီစာများကို ဆေးကု ပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ၀မ်းမှန် ဖြစ်ပြီး လူကိုလဲ ၀ဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။ အထူးသဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာအိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ်အတွက် တော်တော် ကောင်းမွန် တဲ့ ဆေး စွမ်းတလက်ပါပဲ။

ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ၀ချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါနည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက် နိုင်ပါဘူး၊

ဝနေသူကို ပိန်စေသည်
ဝလွန်းလို့ ပိန်ချင်သူများကတော့ ပျားရည်နှင့် မသောက်ပဲ သံပုရည် သက်သက် သောက်တာ ကောင်းပါတယ်၊ အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင် ၀မ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ၀ိတ်ချတာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊ အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ၀မြဲ ၀နေတာ မျိုးဖြစ် တတ် ပါ တယ်၊ အဲဒီလို အစား မလျော့လျင်လည်း စားလိုက်သမျှ အာဟာရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထား စရာပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့ ၀မ်းဗိုက်က ရှင်းလင်းထား သလို ဖြစ်ပြီး ပိုစားနိုင်လာတတ်တယ်၊ ဒါဆိုရင်တော့ ရည်ရွယ် ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်၊ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်းက ထောက်ခံ ထားကြပါတယ်၊ သံပုရာကတော့ မရှိသလောက်ပါပဲ။


Credit : MWD

Thursday, August 27, 2015

အသိဥာဏ် + ကိုယ်ကျင့် တရား

တစ်ခါက အသံလွှင့်ဌာနတစ်ခုသည် စီးပွားရေးနယ်ပယ်တွင် အောင်မြင်နေသော လူငယ်တစ်ဦးကို အင်တာဗျူးလေသည်။ အင်တာဗျူး၏ နောက်ဆုံးတွင် ထုံးစံအတိုင်း မေးမြန်းသူက လူငယ်အား....
“အောင်မြင်ဖို့အတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ” ဟုမေးခဲ့သည်။ လူငယ်မှာ ခဏမျှစဉ်းစားပြီး အဖြေကို တိုက်ရိုက်မဖြေဘဲ အောက်ပါ ပုံပြင်ကို ပြောပြသွားခဲ့သည်။

“လွန်ခဲ့တဲ့(၁၂)နှစ်တုန်းက လူငယ်တစ်ဦးဟာ ကျောင်းပြီးတာနဲ့ ပြင်သစ်ကို သွားပြီး အလုပ်တစ်ဘက် ကျောင်းတစ်ဘက်နဲ့ ပညာဆက်သင်ခဲ့တယ်။ ပြင်သစ်ကို ရောက်ပြီး မကြာဘူး သူဟာ ပြင်သစ်က ကားဂိတ်၊ ရထားဂိတ်တွေမှာ လက်မှတ်စစ်တွေ ၊ လက်မှတ်ပြရတဲ့ နေရာတွေ မရှိကြောင်း သတိပြုမိတယ်။ ကားပေါ် ရထားပေါ်မှာလဲ လက်မှတ်စစ်တွေ လာစစ်တာ အင်မတန်နည်းကြောင်း သတိထားမိပြန်တယ်။ တကယ်လို့ လာစစ်ခဲ့ရင်လဲ ဖမ်းမိမဲ့ကိန်းဟာ လူတစ်သောင်းမှာ တစ်ယောက်တောင် မရှိနိုင်ဘူးလို့ သူတွက်မိပြန်တယ်။ အဲလိုနဲ့ သူဦးနှောက်ကို တစ်ချက် ကစားလိုက်ပြီး ကားစီးတိုင်းသူဟာ လက်မှတ် မ၀ယ်ဘဲ စီးခဲ့တယ်။ ကိုယ့်ကိုယ်ကိုလဲ ငါဟာ အလုပ်လုပ်ပြီး ကျောင်းတက်နေရတဲ့ ကျောင်းသားတစ်ယောက် ချွေတာနိုင်သမျှ ချွေတာမယ်လို့ နှစ်သိမ့်ခဲ့မိတယ်။

အဲဒီလိုနဲ့ ၄ နှစ်ဆိုတဲ့အချိန် ကုန်လွန်သွားခဲ့တယ်။ နာမည်ကြီး တက္ကသိုလ်တစ်ခုရဲ့ ကျောင်းသား၊ အကျင့်စာရိတ္တ ကောင်းမွန်တဲ့ ကျောင်းသားအဖြင့် သူဟာ ဘွဲ့ရခဲ့တယ်။ ဘွဲ့ရတော့ ပဲရစ်မြို့မှာရှိတဲ့ နိုင်ငံခြား ကုမ္ပဏီတွေမှာ သူအလုပ် လျောက်ခဲ့တယ်။ မိမိကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ပေါ့။ ဒါပေမယ့် လျောက်လိုက်တဲ့ အလုပ်တိုင်း သူ အပယ်ခံခဲ့ရတယ်။

အလုပ် စလျောက်တော့ ကုမ္ပဏီတွေက သူ့ကို ၀မ်းသာ အားရကြိုဆိုပြီး အင်တာဗျူးတွေ ဗျူးခဲ့ကြတယ်။ နောက်တော့ ပယ်ပစ်လိုက်ကြတယ်။ ဘာအကြောင်းကြောင့် ပယ်တာလဲဆိုတာ သူတော်တော်သိချင်ခဲ့တယ်။ နောက်ဆုံး ကုမ္ပဏီ တစ်ခုကို သူ အီးမေးလ်ပို့ပြီး အပယ်ခံရတဲ့ အကြောင်းရင်းကို မေးခဲ့တယ်။

ပြန်စာရတော့ စာက အောက်ပါအတိုင်း ရေးထားတယ်။ ခင်ဗျားရဲ့ပညာနဲ့ ထူးချွန်မှုကို ကျွန်တော်တို့ သဘောကျခဲ့တယ်။ ဒါပေမယ့် ခင်ဗျားရဲ့ ကိုယ့်ကျင့်တရားနဲ့ ယုံကြည်မှု အတိုင်းအတာကို ကျွန်တော်တို့ ပြန်စစ်ဆေးကြည့်တော့ ခင်ဗျားဟာ လက်မှတ်မပါဘဲ ကားခိုးစီးမှုအတွက် ဒဏ်ငွေသုံးကြိမ် ဆောင်ခဲ့ရကြောင်း ကို ကျွန်တော်တို့ ၀မ်းနည်းစွာ သိခဲ့ရတယ်။ ဒီကိစ္ခနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကောက်ချက်ချမိတာက.....
(၁) ခင်ဗျားဟာ စည်းကမ်းမလိုက်နာသူ
(၂) ခင်ဗျားဟာ ယုံကြည်ဖို့ မထိုက်တန်တဲ့သူ
အဲဒီအချက် နှစ်ချက်ကြောင့် ခင်ဗျားကိုကျွန်တော်တို့ ကုမ္ပဏီမှာ မသုံးခြင်း ဖြစ်ပါတယ်။

အဲဒီ စာကို ဖတ်ပြီးမှ လူငယ်ဟာ အိပ်မက်ဆိုးက လန့်နိုးလာသလိုပဲ တုန်လှုပ်ချောက်ချား မိခဲ့တယ်။ အီးမေးလ်ရဲ့ နောက်ဆုံးမှာ ဒီလို ရေးထားသေးတယ်....
“အသိဥာဏ်၏ ချွတ်ယွင်းမှုကို ကိုယ့်ကျင့်တရားက အမြဲတမ်းလိုက် ဖြည့်စွက်ပေးတယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့ ချွတ်ယွင်းမှုကို အသိဥာဏ်က ဘယ်တော့မှ လိုက်မဖြည့်စွက်ပေးနိုင်ဘူး။”
အဲဒီ အီးမေးလ်ရပြီး နောက်တရက်မှာ လူငယ်ဟာ သူ့နိုင်ငံကို ပြန်သွားခဲ့တယ်။ ကျွန်တော် ပြောချင်တာကတော့ ဒါပါပဲ....

လူငယ်ရဲ့ စကားအဆုံး အင်တာဗျူးသူများ ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ တစ်ယောက်က....
“ဒါဟာ အောင်မြင်ဖို့အတွက် အရေးပါတဲ့ အချက်လို့ ပြောနိုင်လား”
“ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီပုံပြင်ထဲက လူငယ်ဟာ ကျွန်တော်ဖြစ်နေလို့ပါပဲ။ ကျွန်တော်ဒီနေ့လို အောင်မြင်လာရခြင်းဟာလဲ မနေ့က အမှားကို ဒီကနေ့အတွက် သင်္ခန်းစာအဖြင့် ခံယူထားလို့ပါပဲ”
ရေးသားသူ... နိုင်းနိုင်းစနေ

ဆင်းရဲ သား တွေ " ဘာ" လိုသလဲ

ဒီစာအုပ် ဒီပုံပြင်ကို ဖတ်ဖူး၊ ကြားဖူးသူတွေ ရှိကောင်းရှိလိမ့်မည်။ ဆင်းရဲတဲ့ လူတွေ“ဘာ” အလိုအပ်ဆုံးလဲ “ငွေကြေး”ဟု လူတိုင်း ဖြေမည်မှာ ဧကန်မလွဲပေ။ သို့သော်.. ကျွန်မ ဖတ်ဖူးသော ပုံပြင်လေး တစ်ပုဒ်ကို ဘာသာပြန် မျှဝေ လိုက်ပါသည်။

============

ပြင်သစ်နိုင်ငံတွင် Balaang ဟုခေါ်သော လူတစ်ဦးသည် ပုံတူ ပန်းချီကားများ ရောင်းဝယ်ခြင်းဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သည်။ အချိန်(၁၀)နှစ် မတိုင်မီ ပြင်သစ်နိုင်ငံရှိ အချမ်းသာဆုံး စာရင်းဝင် လူ(၅၀)တွင် တစ်ဦး အပါအ၀င်ဖြစ်ခဲ့သည်။ (၁၉၉၈)ခုနှစ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး မကွယ်လွန်မီ မိမိ၏ ခန္စာကိုယ်အား ဆေးရုံတွင် လှူဒါန်းခဲ့သည့် အပြင် ပြင်သစ်ငွေ ၁၀၀ မီလီယံကို ဆင်းရဲခြင်းဟုသော လျှို့ဝှက်တံခါးကို ဖွင့်နိုင်သူအား ဆုငွေအဖြင့် ပေးရန် ချန်ထားရစ်ခဲ့သည်။

သူကွယ်လွန်ပြီး မကြာမီ ပြင်သစ်နိုင်ငံရှိ သတင်းစာ တစ်စောင်တွင် သူရေးခဲ့သော သေတမ်းစာကို ထုတ်ပြန်ကြေညာခဲ့သည်။ သူ၏ သေတမ်းစာမှား

“ကျွန်တော်ဟာ အရင်က ဆင်းရဲတဲ့ လူတစ်ယောက်ပါ။ ကွယ်လွန်တော့ သူဌေးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကောင်းကင်ဘုံကို သွားရမယ့်လူပါ။ ကောင်းကင်ဘုံကို မ၀င်ခင် ကျွန်တော် ဘာကြောင့် သူဌေးဖြစ်ရတယ် ဆိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော် သယ်မသွားချင်ပါဘူး။ အဲဒီလျှို့ဝှက်ချက်ကို ပြင်သစ်ဗဟိုဘဏ်က ကျွန်တော်ရဲ့ မီးခံ သေတ္တာထဲမှာ သိမ်းဆည်း ထားပါတယ်။ အဲဒီ သေတ္တာရဲ့ သော့သုံးချောင်းကို ကျွန်တော်ရှေ့နေနဲ့ ကိုယ်စားလှယ်နှစ်ဦးဆီမှာ အပ်နှံထားခဲ့တယ်။ ဆင်းရဲသားတွေ ဘာလိုအပ်လို့ ဆင်းရဲရတာလဲ ဆိုတဲ့ အမေးကို ဖြေဆိုနိုင်သူကို ကျွန်တော် ကောင်းချီး ပေးချင်ပါတယ်။ ဖြေဆိုနိုင်တဲ့သူကို ကျွန်တော် အခေါင်းထဲကနေ ထပြီး လက်ခုပ်တီး ကောင်းချီး မပေးနိုင်ဘူး ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ မီးခံသေတ္တာထဲက ၁၀၀ မီလီယံကို ယူသွားခွင့် ရှိပါတယ်။ ဒါဟာ ကျွန်တော်ရဲ့ ကောင်းချီးသြဘာပါပဲ။”


သေတမ်းစာကို ထုတ်ပြန်ကြေညာပြီးနောက် သတင်းစာတိုက်သို့ စာများ အဆက်မပြတ် ရောက်လာခဲ့သည်။ ဆင်းရဲသားများ ဘာ အလိုအပ်ဆုံးလဲ ဟုသော မေးခွန်းကို ဖြေဆိုသော အဖြေ စုစုပေါင်း (၄၈၅၆၁)ကို လက်ခံ ရရှိခဲ့သည်။ လူအများစုက ဆင်းရဲသားများ အလိုအပ်ဆုံးမှာ ငွေကြေးသို့မဟုတ်ကြီးပွား တိုးတက်အောင် လုပ်ပိုင်ခွင့်၊ လုပ်နိုင်ခွင့် နည်းလို့ဟု ဖြေဆိုထားကြသည့် အပြင် တချို့က “အကူအညီ မဲ့လို့” ဆင်းရဲနေကြခြင်း ဖြစ်သည်ဟုလည်း ဖြေထားကြသည်။

သူကွယ်လွန်သော နှစ်ပတ်လည် နေ့တွင် မီးခံသေတ္တာကို သက်သေများရှေ့၌ ဖွင့်ခဲ့သည်။ စာပေါင်း (၄၈၅၆၁) စောင်ရှိသည့်အနက် Tiller မည်သော ကလေးမလေး၏ အဖြေမှာ သူ၏ လျှို့ဝှက်ချက်နှင့် ကိုက်ညီခဲ့သည်။ ထိုအဖြေမှာ “ဆင်းရဲသားများ ဆင်းရဲနေခြင်းမှာ ရည်မှန်းတောင့်တချက်၊ ချမ်းသာလိုသော အာသီသ (ambition) ကင်းမဲ့သောကြောင့် ဖြစ်သည်”။

၉နှစ်သာရှိသေးသော Tiller အား ဘာကြောင့် စိတ်ဆန္ဒ အာသီသဟု ဖြေဆိုခဲ့ပြီး တစ်ခြားအဖြေကို မဖြေခဲ့ရသလဲ ဟုမေးသော် သူမက “၁၁နှစ်အရွယ် ကျွန်မအစ်မဟာ သူ့ချစ်သူကို အိမ်ခေါ်ပြန်လာတိုင်း စိတ်ဆန္ဒ မရှိနဲ့လို့ အမြဲသတိ ပေးတတ်ပါတယ်။ ဒါကြောင့် စိတ်ဆန္ဒ ဆိုတာ ကိုယ်လိုချင်၊ ဖြစ်ချင်တဲ့ အရာကိုရအောင် လုပ်ပေးနိုင်မယ်လို့ ထင်ခဲ့တာပါ” ဟုပြန်ဖြေခဲ့သည်။

သူဌေး၏ လျှို့ဝှက်ချက်သည် ပြင်သစ်၊ အမေရိကန်၊ အင်္ဂလန်စသော နိုင်ငံကြီးများကို တုန်လှုပ်စေခဲ့သည်။ နောင်တွင် မင်းသား၊ မင်းသမီးများနှင့် စီးပွားရေးလောကတွင် ထိပ်တန်း ရောက်နေသူများကို ထိုလျှို့ဝှက်ချက် နှင့် ပတ်သက်ပြီး အင်တာဗျူး ကြရာတွင် စိတ်ဆန္ဒသည် ထာဝစဉ် တည်မြဲစေသော ဆေးတစ်ပါးဖြစ်၏။ ထူးခြား အောင်မြင်သော အရာဝတ္ထုတိုင်း၏ မျိုးစေ့ဖြစ်သည် ဟုဖြေဆိုခဲ့ကြသည်။

လူအများ ဆင်းရဲနေရခြင်းမှာ သူတို့တွင် တူညီသော အားနည်းချက် တစ်ခုရှိသောကြောင့် ဖြစ်သည်။ ထိုအားနည်းချက်မှာ တကယ့်ချမ်းသာလိုသော စိတ်ဆန္ဒ ကင်းမဲ့သောကြောင့် ဖြစ်သည်။

===========

ချမ်းသာသော သူများ၏ အိတ်ကပ်ထဲတွင် ဆင်းရဲသော သူများ၏ အိပ်မက်ကို အမြဲထည့်ထား တတ်ကြပါသလား.... သင်၏ မျှော်လင့်ချက်၊ သင်၏အိပ်မက်နှင့် ကြိုးစားလိုစိတ်ကို သင့်ထွေးပွေ့ ထားလျှင် လမ်းဆုံးကို မရောက်မချင်း သင်သည် ဆင်းရဲသောသူ မဖြစ်နိုင်...

ဆင်းရဲသား နောက်ဆက်တွဲ

အဲဒီပုံပြင်ကို ဖတ်ပြီး နောက်ဆက်တွဲ တွေးမိတာလေးတွေပါ။ ကြီးပွားလိုတဲ့ စိတ်ဆန္ဒ၊ ချမ်းသာလိုတဲ့ အာသီသ ဘယ်သူမရှိလဲ ဆိုတဲ့ ကပ်သပ်တဲ့ မေးခွန်းကို ကိုယ့်ကိုယ်တိုင် မေးကြည့်မိတယ်။ လူတိုင်း သူဌေးဖြစ်ချင်ကြ တာပဲ။ ဒါပေမယ့် တစ်ချို့နေရာတွေမှာ မိမိလိုချင်တဲ့ ဆန္ဒကို အရောင်အမျိုးမျိုး ဆိုးခဲ့ကြတယ်။ တစ်ချို့အရာတွေဟာ စိတ်ဆန္ဒ မဟုတ်တော့ဘဲ လိုချင်တပ်မက်တဲ့ အတ္တဖြစ်သွားခဲ့တယ်။ ပုံပြင်ထဲက သူဌေးကြီးပြောချင်တဲ့ စိတ်ဆန္ဒဆိုတာ နေရာ တစ်နေရာ ရချင်လို့၊ တစ်ခုခုရယူချင်လို့ အာဏနဲ့ သိမ်းပိုက် လိုက်တာမျိုး မဟုတ်ဘဲ အမြင့်ကို တစ်ဆင့်ချင်း တစ်လှမ်းချင်း တဖြေးဖြေး ပြောင်းလဲ တိုးတက်သွားတဲ့ ကိုယ့်ရဲ့ အိပ်မက်တွေ သာဖြစ်တယ်။

ဆန္ဒနဲ့အိပ်မက် လူတိုင်းမှာ ရှိခဲ့ဖူးကြပါတယ်။ ကလေးလေး တစ်ယောက်ကို ကြီးလာရင် ဘာလုပ်မလဲလို့ သွားမေးကြည့်.. ၉၀%က ကြီးလာရင် ဆရာဝန်လုပ်မယ်၊ အင်ဂျင်နီယာ လုပ်မယ်လို့ ဖြေကြမှာပါပဲ။ ငယ်ငယ်တုန်းက ကိုယ်လဲ အဲဒီကလေးလို ဖြေကောင်း ဖြေခဲ့ဖူးပါလိမ့်မယ်။ ဒါပေမယ့် အချိန်ရဲ့ တိုက်စားခြင်းကို ခံခဲ့ရပြီးနောက် ကျရှုံးလိုက်၊ အဟန်အတားတွေနဲ့ မကြာခဏ ရင်ဆိုင်လာရတော့ ၀မ်းပိုက်ပြည့်ရင် ပြီးတာပဲလေ ဆိုတဲ့ ရောင့်ရဲမှုကို လက်ခံတတ်လာခဲ့တယ်။ အရင်က ဖြေခဲ့ဖူးတဲ့ မိမိ၏ ရည်မှန်းချက်၊ မိမိ၏ အိပ်မက်ဆိုတာကို အကောင်အထည်ဖော်ဖို့ မေ့လျော့လာခဲ့တယ်။

“နပ်မှန်အောင် စားနေရရင် ပြီးတာပဲ” ....“တနေ့ရှာမှ တနေ့စားရတာ” “အသက်ကြီးလာပြီ ဘာများ မက်နေစရာလိုတော့လဲ” ..“သေရင်လဲပါမသွားဘူး။ ဒီလောက် ပင်ပင်ပန်းပန်း လုပ်နေစရာမလိုဘူး” စတဲ့ စတဲ့ အသံကို ပတ်ဝန်းကျင်မှာ နေ့တိုင်း ကြားနေရတယ်။ ဗုဒ္စဘာသာ ပီပီ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရှိတာလေးနဲ့ ၀အောင်စားဆိုတဲ့ ရောင့်ရဲ တင်းတိမ်ခြင်းကို လက်ဝယ် ပိုက်လာခဲ့မိတယ်။ တကယ့်အောင်မြင်ချင်တဲ့ လူတွေကတော့ ရည်မှန်းချက်နဲ့ အိပ်မက်ကို ထွေးပွေ့လို့ တစ်လှမ်းချင်း ရှေ့ဆက်လှမ်းနေကြတယ်။

“ကျွန်တော်ဟာ အရင်က ဆင်းရဲတဲ့ လူတစ်ယောက်ပါ။ ကျွန်တော်ဘာကြောင့် သူဌေးဖြစ်ရတယ် ဆိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော် သယ်မသွားချင်ပါဘူး။”
အဲဒီ သယ်မသွားချင်ဘူးဆိုတဲ့ သူ့ရဲ့ “စိတ်ဆန္ဒ” ဟာ အိပ်မောကျနေတာ ကြာပြီဖြစ်တဲ့ ကိုယ့်ရဲ့ အိပ်မက်နဲ့ စိတ်ဆန္ဒကို ထပ်တဖန် လှုပ်နိုး နိုင်စွမ်း ရှိခဲ့မယ်ဆိုရင်..........


ရေးသားသူ... နိုင်းနိုင်းစနေ

အိပ်မက်တွေအခိုးမခံစေနဲ့ 


အမေရိကရှိ ကျောင်းတစ်ကျောင်း၏ စာသင်ခန်းတစ်ခုတွင် ဖြစ်ပါသည်။ ဆရာက ကျောင်းသားများကို "ကျွန်တော်၏ရည်မှန်းချက်" ခေါင်းစင်ဖြင့် စာစီစာကုံးတစ်ပုဒ် ရေးခိုင်းခဲ့သည်။

ကျောင်းသားတစ်ဦးက ဆရာပေးသည့် ခေါင်းစဉ်ကို အနှစ်ခြိုက်ကြီး နှစ်ခြိုက်ပြီး ဗလာစာအုပ်ပေါ်တွင် သူ့ရည်မှန်းချက်ကို ချက်ချင်းချရေးခဲ့သည်။ သူ၏ ရည်မှန်းချက်မှာ "ကျွန်တော်ကြီးပြင်းလာတဲ့အခါ မြေကွက်ကြီးတစ်ကွက်ကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒီမြေကွက်ပေါ်မှာ သစ်ပင်၊ ပန်းမာလ်တွေ အပြည့်စိုက်ပြီး စိမ်းစိုတဲ့ဥယျာဉ်လုပ်ပါမယ်။ ပြီးတော့ ပန်းခြံအလယ်မှာ သစ်သားအိမ်လေးတွေ ဆောက်ပြီး အသားကင်ဖို့ နေရာတွေ ထားရှိပါမယ်။ ဟိုတယ်တစ်လုံးကိုလည်း ဆောက်ပြီး ကိုယ့်မိသားစုအပြင် အခြား လာရောက်လည်ပတ်သူတွေကိုလည်း အနားယူအပန်းဖြေစေပါမယ်" ဟူ၍ဖြစ်သည်။

ထို့နောက် သူ၏စာစီစာကုံးကို ဆရာအားပြရာ ဆရာကတစ်ချက်ကြည့်ပြီး မင်နီဖြင့်"X" ကြက်ခြေခတ်လိုက်သည်။ ဆရာက သူ့အား နောက်စာစီစာကုံးတစ်ပုဒ်ကို ရေးခိုင်းစေခဲ့ပြန်သည်။

ကျောင်းသားက သူရေးထားသည့် စာစီစာကုံးကို သေချာပြန်ဖတ်ပြီး အမှားမတွေ့သောကြောင့် ဆရာအား ထပ်ပြလေသည်။

ဆရာက "မင်းကို မင်းရဲ့ရည်မှန်းချက်စိတ်ကူးကို ရေးခိုင်းတာ၊ ဒီလို အိပ်မက်ဆန်ဆန် စိတ်ကူးယဉ်တာကို ရေးခိုင်းတာမဟုတ်ဘူး။ မင်းရဲ့ တကယ့်ရည်မှန်းချက်ကို ဆရာလိုချင်တယ်။ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်တွေကို ဆရာမလိုချင်ဘူး။ နားလည်လား?" ဟူပြောသောအခါ ကျောင်းသားက "ဆရာ... ဒါ ကျွန်တော်ရဲ့ တကယ့်ရည်မှန်းချက်ပါ" ဟူ အားတက်သရော ပြန်ဖြေသည်။

"မဟုတ်ဘူး.. ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါတွေက စိတ်ကူးယဉ်တာတွေပဲ .... မင်းအသစ်ပြန်ရေးပါ"

"ကျွန်တော် နားလည်တယ်ဆရာ.. ဒါ ကျွန်တော်တကယ်ဖြစ်ချင်တဲ့ ကျွန်တော်ရဲ့ရည်မှန်းချက်ပါ။ ကျွန်တော်ရည်မှန်းချက်ကို ကျွန်တော်မပြင်နိုင်ဘူး ဆရာ"

ဆရာ့စကားကို ပြတ်ပြတ်သားသား ငြင်းဆန်ပြီး ကျောင်းသားကပြန်ပြောသည်။

"တကယ်လို့ မင်းအသစ်မရေးရင် မင်းကိုဆရာ အောင်မှတ်မပေးဘူး။ မင်း သေချာစဉ်းစားပါ"

ခေါင်းခါပြီးပြောသော ဆရာ့စကားကို ကျောင်းသားကလည်း ထပ်မရေးနိုင်ကြောင်း ခေါင်းခါပြသည်။ နောက်ဆုံး ထိုစာစီစာကုံးမှာ " E " အဆင့်သာရခဲ့သည်။

ထိုသို့သော အဖြစ်အပျက်ဖြစ်ပျက်ပြီး နှစ်ပေါင်း(၃ဝ)အကြာတွင် ၎င်းဆရာက ကျောင်းသားတစ်သိုက်နှင့် အပန်းဖြေပန်းခြံတစ်ခုသို့ ပျော်ပွဲစားရောက်ရှိလာခဲ့သည်။ ဆရာက မြက်ခင်းစိမ်းနှင့် ပန်းပေါင်းစုံကို ငေးမောကြည့်ရှုရင်း သင်းပျံ့သော အသားကင်နံ့ကို ရှူရှိုက်နေမိသည်။ တစ်နေရာတွင် လူလတ်ပိုင်း လူရွယ်တစ်ဦးက ဆရာဆီဦးတည်လျှောက်လာပြီး သူ့ကိုယ်သူ ဆရာ၏တပည့်ဖြစ်ခဲ့ဖူးသည်ဟု ပြောဆို မိတ်ဆက်လေသည်။

လူရွယ်က ဆရာကို အကြောင်းစုံပြောပြပြီး သူသည် ထိုနှစ်က စာစီစာကုံးမအောင်သော ကျောင်းသားဖြစ်ခဲ့သည်ဟု
ပြောသည်။ သို့သော် ယနေ့တွင် သူသည် စာစီစာကုံးထဲက ရေးခဲ့သည့်အတိုင်း သူ့ရည်မှန်းချက်ဖြစ်သည့် အပန်းဖြေဥယျာဉ်ကြီးတစ်ခုကို တည်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။

ဆရာမှာ လူငယ်စကားကြောင့် လွန်ခဲ့သော အနှစ်(၃ဝ)ကို ပြန်မြင်ယောင်မိသည်။ မိမိရှေ့တွင်ရပ်နေသော လူရွယ်ကိုကြည့်ပြီး စကားတစ်ခွန်းကို ရေရွတ်လိုက်တော့သည်။

"အနှစ်(၃ဝ)အတွင်းမှာ ငါ့အတွက်နဲ့ ကျောင်းသားဘယ်နှစ်ယောက်ရဲ့ ရည်မှန်းချက်အိပ်မက်တွေကို ငါချေဖျက်ခဲ့မိသလဲ မသိဘူး? မင်းကတော့ မင်းရဲ့ရည်မှန်းချက်ကို ငါ့ကြောင့်အချေဖျက်မခံဘဲ ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ တစ်ဦးတည်းသောကျောင်းသားဖြစ်တယ်"

သင်ရော? သင့်ရည်မှန်းချက်အိပ်မက်တွေ သူတစ်ပါး၏ ပါးစပ်ဖျားကြောင့် ပျောက်ဆုံးကုန်ခဲ့ရပြီလား? အခိုးခံခဲ့ရပြီလား?